Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းနှင့် ထောက်လှမ်းနည်းပညာလွှဲပြောင်းရောင်းချခြင်းမပြုရန် EU တောင်းဆို
DVB
·
November 21, 2024
Photo-Reuters

မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းတွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေအပြင် လေ ယာဉ်လောင်စာဆီနဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာဆိုင်ရာပစ္စည်းတွေ တင်ပို့ ရောင်းချတာ၊ လွှဲပြောင်းတာတွေ မပြုလုပ်ကြဖို့ ဥရောပသမဂ္ဂ (EU) က နိုဝင်ဘာ ၂၀ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေ အနေဆိုင်ရာ ဆုံးဖြတ်ချက်အတွက် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ မကျင်းပခင်မှာ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၅၅/၂၀ အရ ခုလို အဆိုပြုချက်တင်သွင်းလိုက်တာပါ။

ဒီအဆိုပြုချက်ကို ပြင်ဆင်ရာမှာ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၊ အထူးသဖြင့် ဆော်ဒီအာရေးဗျနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်းလည်း EU ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ရိုဟင်ဂျာတွေနဲ့ တခြား နေရပ်စွန့်ခွာသွားသူတွေ နေရပ်ပြန်ရေးအတွက် အဓိပ္ပါယ်ရှိတဲ့ ခြေလှမ်းတခုအနေနဲ့ ဒါကို လက်ရှိဆုံးဖြတ်ချက်မှာ ထင်ဟပ်ဖော်ပြလိုသလို EU အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဆက်လက်ရပ်တည်ပြီး သူတို့ရဲ့ ဒီမိုကရေစီဆန္ဒတွေ၊ တရားဝင် ငြိမ်းချမ်းစွာနေထိုင်ခွင့်နဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့ အပြည့်အဝ ထောက်ခံကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍအနေနဲ့ ပိုပြီးတော့ တက်တက်ကြွကြွ ပါဝင်စေဖို့ တောင်းဆိုထားသလို ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ မြေပြင်မှာ ပိုပြီးတော့ ညီညွတ်မှုနဲ့ ထိရောက်မှုရှိတဲ့ အရေးယူဆောင်ရွက်မှုတွေကို အားပေးတိုက်တွန်းဖို့လည်း တောင်းဆိုထားတာပါ။

မကြာသေးမီက ခန့်အပ်ထားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကိုလည်း အခြေအနေကို ၆ လကြာ အစီရင်ခံဖို့  တောင်းဆိုထားသလို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအား ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုထားပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ၊ တို့မှာလည်း တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိနဲ့ ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်တွေအပေါ် ခိုင်မာစွာ အလေးပေးဆောင်ရွက်ဖို့လည်း EU က တိုက်တွန်းထားပါတယ်။

Source-eeas

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013