Home
မြန်မာသတင်း
တောင်ခမ်းအနီးတွင် စစ်သုံ့ပန်း ၁၇ ဦးနှင့် လက်နက်ခဲယမ်းများ TNLA က ဖမ်းဆီးမိ
DVB
·
December 10, 2024

တောင်ခမ်းတပ်စခန်းအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၉ ရက်က တောင်ခမ်းတပ်စခန်းအနီး ကျောက်ဂူ-ကျောက်ဆုံမှာ တအာင်းတပ်မတော် TNLA၊ DPLA တို့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ ရုပ်အလောင်း ၁၅ လောင်း၊ စစ်သုံ့ပန်း အရှင် ၁၇ ယောက်နဲ့ လက်နက်မျိုးစုံ ၂၈ လက်၊ ခဲယမ်းများစွာ ဖမ်းဆီးသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“တောင်ခမ်းကို စစ်ကူလာတဲ့တပ်တွေပါ။ အဲဒီဘက်က အဓိကစစ်ကူပို့တဲ့နေရာဆိုတော့ မကြာခဏ ထိတွေ့မှုရှိတယ်။ ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက် ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” လို့ TNLA စစ်ရေးသတင်းအရင်းမြစ်တယောက်က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကနေ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အား ပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာလို့ TNLA ထံက သိရပါတယ်။ 

ထို့အတူ တောင်ခမ်းအမြောက်တပ် ၃၅၄ စခန်းမှာလည်း စစ်ကောင်စီလက်အောက်ခံ တပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့သေးတယ်လို့ TNLA ကဆိုပါတယ်။

ဒီဇင်ဘာ ၈ ရက်ကလည်း နောင်ချိုမြို့ စစ်ကောင်စီတပ် ၉၀၂ တပ်စခန်း၊ ဂန့်ကော်ကျေးရွာနဲ့ စစ်ကောင်စီတပ် ၄၀၆ တပ်စခန်းအနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024