စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မြန်မာပြည်တွင်းအရေးကို ဝင်ရောက်စွက်ဖက်နေတာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီဇင်ဘာ ၉ ရက် ဒီနေ့မနက်မှာ ကလေးပင်မသပိတ်အင်အားစုအဖွဲ့ဝင်တွေက “တရုတ်အစိုးရသည် မအလနဲ့ပေါင်းပြီး ပြည်သူတွေကိုသတ်နေသည်”၊ “China, Stop Killing Myanmar people by supporting Fascist Criminals” စတဲ့ ဘန်နာစာရွက်တွေကိုကိုင်ပြီး တရုတ်အလံကိုမီးရှို့ကာ ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသပိတ်အဖွဲ့ဝင်တယောက်က “အဓိကလုပ်တဲ့ ရည်ရွယ်ချက်ကတော့ တရုတ်အစိုးရက မြန်မာ့ပြည်တွင်းအရေးမှာ ဝင်ရောက်စွတ်ဖက် ခြယ်လှယ်နေတာပေါ့နော့။ အခု MNDAA တို့ TNLA တို့ အပစ်ရပ်တယ် ဆိုတာကလည်း တရုတ်ရဲ့ဖိအားတွေကြောင့်ပေါ့နော့။ KIO ကိုလည်း ဖိအားပေးနေတယ်။ တကယ်တမ်း မြန်မာ့ပြည်တွင်းရေး၊ မြန်မာ့တော်လှန်ရေးက မြန်မာပြည်သူလူထုနဲ့ပဲ ဆိုင်တယ်ပေါ့နော့။ အဲလိုမျိုးဆိုတော့ တရုတ်အစိုးရက ဆန့်ကျင်ကန့်ကွက်တာ ပေါ့လေ။ လူမျိုးရေးမဟုတ်ဘဲ အစိုးရကိုပဲ ဆန့်ကျင်ကန့်ကွက်တာပေါ့လေ” လို့ ပြောပါတယ်။
စစ်ကောင်စီက မြို့တွင်းမှာ ကားတွေကင်းလှည့်နေပြီး လုံခြုံရေးတင်းကျပ်တဲ့ကြားကပဲ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ မြို့ပြသပိတ်အဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီးနောက်ပိုင်း ဆန္ဒပြသပိတ်တွေကို ရရာနေရာကနေ နည်းမျိုးစုံနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။