Home
မြန်မာသတင်း
ရေကြည်နှင့် ငါးသိုင်းချောင်းတွင် နယ်ကျော်ထောက်ခံစာတစောင်ကို ကျပ် ၃၀,၀၀၀ ထိပေးရ
DVB
·
December 8, 2024
Photo: AA

ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့တို့မှာ နယ်ကျော်ခရီးသွား ထောက်ခံစာတွေ လုပ်နေရပြီး ထောက်ခံစာတစောင်ကို အနည်းဆုံးငွေ ၃၀,၀၀၀ အထိပေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာလ ပထမအပတ်ကစတင်ပြီး ရေကြည်နဲ့ငါးသိုင်းချောင်းတို့ကနေ အကြောင်းအမျိုးမျိုးနဲ့ နယ်ကျော်ခရီးသွားရင် ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ ထောက်ခံစာလုပ်နေရပြီး ထောက်ခံစာတစောင်ကို အနည်းဆုံးငွေ ၃၀,၀၀၀ အထိပေးရလို့ နယ်ကျော်ရွှေ့ပြောင်း လုပ်သားတွေအတွက် အခက်အခဲဖြစ် ပေါ်နေတယ်လို့ ဆိုပါတယ်။

ငါးသိုင်းချောင်းမြို့ခံတယောက်က “အရင်က ဘယ်သွားသွား မှတ်ပုံတင်အစစ်ပါရင် ရနေတာ။ အခု ရုတ်တရက် ထောက်ခံစာပါ ထလုပ်ခိုင်းတာ။ နယ်ကျော်၊ ရွာကျော် ထောက်ခံစာပေါ့။ ထောက်ခံစာ မလုပ်ရင် နယ်ကျော်ခရီး ပေးမသွားဘူး။ မလုပ်ရင် ဖမ်းခံရမှာတဲ့ ခြိမ်းခြောက်သေးတာ။ အဲဒီ ထောက်ခံစာတရွက်ကိုလည်း ကြည့်ပါဦး၊ ၃၀,၀၀၀ အထိ ပေးနေရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အခုလို နယ်ကျော် ထောက်ခံစာတွေ လုပ်ခိုင်းတာဟာ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေ ထွက်ပြေးသူ များလာတာကြောင့်နဲ့ AA အပါအဝင် တော်လှန်းရေးတပ်တွေ ဝင်ထွက်သွားလာတဲ့ အချက်အလက်တွေ သိရစေဖို့ ထိန်းချုပ်တာဖြစ်တယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းကသူတွေက ဆိုပါတယ်။

ရေကြည်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတယောက်က “စစ်ကောင်စီက လူအဝင်အထွက်ကို သိရှိစေဖို့ အခုလိုပဲ လုပ်ခိုင်းတာရှိတယ်။ ဒီဘက်မှာက စစ်မှုမထမ်းချင်လို့ ထွက်ပြေး တိမ်းရှောင်တဲ့သူတွေ အခုရက်ပိုင်းထဲမှာမနည်း ရှိနေတာရယ်။ စစ်ပွဲအကြီးအကျယ်ဖြစ်နေတဲ့ ရခိုင်နဲ့ နီးစပ်တော့ တော်လှန်ရေးတပ်တွေ ဝင်လာမှာကို ထိန်းချုပ်ဖို့နဲ့ ထွက်ပြေးလူငယ်တွေ တော်လှန်ရေးအဖွဲ့တွေနဲ့ သွားပူးပေါင်းမှာကို ခြေရာခံဖို့လုပ်တာ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ တိုက်ရိုက် ထိစပ်နေတဲ့ရေကြည်မြို့နယ်နဲ့ ငါးသိုင်းချောင်းမြို့တို့မှာ အဝင်အထွက် ဂိတ်တွေ အပြင် သင်္ဘောဆိပ်၊ ကားဂိတ်တွေမှာပါ စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တွေက လက်နက်တွေနဲ့ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ရေကြည်မြို့နယ်မှာ နယ်ကျော်ခရီးသွားရင် မှတ်ပုံတင်တွေ စစ်တာအပြင် နယ်ကျော်ထောက်ခံစာတွေ လုပ်ခိုင်းပြီး ထောက်ခံစာတစောင်ကို ငွေကျပ် ၁၅,၀၀၀ အထိ ပေးလုပ်ခဲ့ရသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024