စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ ပြန်တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးလို့ ပြည်သူတွေနဲ့တွေ့ရင် ခေါင်းဖြတ်သတ်မယ်လို့ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
ပုလဲမြို့ပေါ်မှာ အင်အားအလုံးအရင်းနဲ့ပြန်လည်တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ပုလဲမြို့ပေါ်ပြန်လာကြဖို့ခေါ်ယူနေပြီး မြို့အနီးဝန်းကျင်နဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့အချိန် စစ်ဘေးရှောင်တွေတွေ့ရင် ခေါင်းဖြတ်သတ်မယ်လို့ ခြိမ်းခြောက် ပြောဆိုနေတာပါ။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “သူတို့တွေ မြို့ပေါ်ကနေ အသံချဲ့စက် လော်စပီကာနဲ့အော်တာကို မြို့တဝိုက်က ရှေ့တန်းစခန်းတွေမှာရှိနေကြတဲ့ ကျနော်တို့ဘက်က ရဲဘော်တွေရဲ့ အကုန်ကြားပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားကြတဲ့ ပြည်သူတွေကို မြို့ပေါ်ကိုပြန်လည်ဝင်ရောက်ဖို့ခေါ်ယူနေပြီး ပြည်သူတချို့ကတော့ ပြန်လည်ဝင်ရောက်လာကြသလို အကြောင်းအမျိုးမျိုးကြောင့် ပြန်မဝင်လာကြတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ပုလဲမြို့နယ်အခြေစိုက် Generation Z Army ရဲ့အတွင်းရေးမှူး ကိုဖိုးချောက ပြောပါတယ်။
“အရင်လအကုန်ပိုင်း ၂၈၊ ၂၉ ရက်လောက်ကတည်းက စပြီးအော်တာဗျ။ အခု သူတို့က ပုလဲမြို့ပေါ်က စခန်းတွေမှာ တပ်စွဲထားတယ်။ မြို့နဲ့ကပ်လျက်က အလယ်ဘုံရွာမှာက ကာကင်းသဘောမျိုး အထိုင်ချနေကြတယ်။ အဲဒီတွေမှာအထိုင်ချနေတဲ့ စစ်သားနဲ့ပျူတွေက မြို့ရဲ့ အနောက်အရပ်နဲ့ မြောက်အရပ်က ပြည်သူတွေကိုတွေ့ရင် အကုန်ခေါင်းဖြတ်သတ်မယ်လို့ လော်စပီကာနဲ့အော်နေတာ” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ နှစ်ဖက်တိုက်ပွဲတွေငြိမ်သက်နေပေမယ့် စစ်ကောင်စီဘက်ကတော့ ညပိုင်းတွေမှာ လူနေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးတာ၊ ကျေးရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲချတာတွေ ပြုလုပ်နေကြတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၃ ရက် ညနေ ၃ နာရီဝန်းကျင်ကလည်း အလည်ပုံကျေးရွာမှာတပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဲဒီကျေးရွာအတွင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး ခဲ့ကြသေးတယ်လို့ သိရပါတယ်။
ပုလဲမြို့ပေါ်ကိုစစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်အင်အား၊ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေကို လေကြောင်းကနေ ပို့ဆောင်နေတာပြီး ကျေးရွာတွေကိုစစ်ကြောင်းထိုးနိုင်တဲ့အတွက် ဒေသခံ ပြည်သူတွေအနေနဲ့ သတိဝီရိယထားပြီးနေထိုင်ကြဖို့ တိုက်တွန်းပေးထားတယ်လို့လည်း ပုလဲအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဗမာ့လွတ်မြောက်ရေးတပ်တော် (BNRA) နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက ပုလဲမြို့က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး မြို့ကိုထိန်းချုပ်နိုင်ပေမယ့် စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ၄ ရက်မြောက်နေ့မှာ ပြန်လည်ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ တပ်ဖွဲ့ဝင်အင်အား၊ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေကို ၅ ကြိမ်ထက်မနည်း ပို့ဆောင်ထားတယ်လို့ သိရပါတယ်။