Home
မြန်မာသတင်း
စစ်ကောင်စီအွန်လိုင်းထီမှ ထီပေါက်ပြီး ဆုငွေမရသည့်ဖြစ်စဥ်များ ရှိနေ
DVB
·
December 6, 2024

စစ်ကောင်စီကဖွင့်လှစ်တဲ့ အွန်လိုင်းထီက ထီပေါက်သူတချို့ ဆုငွေမရတဲ့ဖြစ်ရပ်တွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ အောင်ဘာလေသိန်းဆုဌာနက အောက်တိုဘာလလယ်ကစပြီး ၁၅ ရက်တကြိမ် ဖွင့်လှစ်တဲ့ အွန်လိုင်းထီစနစ်ကို ကျင့်သုံးခဲ့ပြီး ထီပေါက်သူတချို့မှာ ဆုငွေလွှဲမပေးတဲ့ အခြေအနေနဲ့ ကြုံနေရတာလို့ ဆိုပါတယ်။

၁၀,၀၀၀ ဆုပေါက်ထားတဲ့ ထီထိုးသူတယောက်က “နှစ်ကြိမ်မြောက်ကတည်းက ထီပေါက်တာ၊ အခုဆို နှစ်ပတ်ကျော်ပြီ။ အခုထိ ဆုငွေက အကောင့်ထဲမဝင်သေးဘူး။ ကွန်ပလိန်းစင်တာကို ဖုန်းဆက်ပြောတော့လည်း သူတို့လုပ်ပေးပါမယ်ဆိုပြီး မရဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ၁၀,၀၀၀ ဆုနှစ်ဆု ပေါက်သူတယောက်ကလည်း ဆုတဆုအတွက်ပဲ ငွေဝင်ပြီး နောက်တဆုအတွက် မရသေးဘူးလို့ ဆိုပါတယ်။

အောင်ဘာလေအွန်လိုင်းထီထိုးသူတွေနဲ့ ဖွဲ့ထားတဲ့ ဂရုတွေမှာလည်း ဆုငွေမရလို့ မကြာခဏ ပြောဆိုရေးသားမှုတွေ ရှိနေပါတယ်။

အောင်ဘာလေသိန်းဆုဌာနကတော့ ထီဆုသေးပေါက်သူတွေကို ထီဖွင့်ပြီး တပတ်အတွင်း အကောင့်ထဲ ငွေလွှဲပေးမှာဖြစ်ပြီး ၁၀ သိန်းအထက် ဆုတွေကိုတော့ အောင်ဘာလေရုံးမှာ လာရောက်ထုတ်ယူရမယ်လို့ အသိပေးထားပါတယ်။

အခုလို ထီပေါက်ပြီး ဆုငွေမရတဲ့ဖြစ်စဥ်တွေ ရှိနေသလို ကျပ်သောင်းဂဏန်းဆုတွေပဲ ထီထိုးသူအများစု ပေါက်ပြီး ထီဆုကြီးပေါက်သူ မကြားရတဲ့အပေါ် သံသယနဲ့ ဝေဖန်တာတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဝင်ငွေရလမ်းကို ဖြတ်တောက်တဲ့အနေနဲ့ ပြည်သူအများစုက အောင်ဘာလေထီ မထိုးတော့ဘဲ သပိတ်မှောက်ထားပါတယ်။

အဲဒါကြောင့် ထီရောင်းအား တရှိန်ထိုးကျဆင်းသွားခဲ့လို့ ပြန်လည်ဆွဲဆောင်တဲ့အနေနဲ့ စစ်ကောင်စီက အွန်လိုင်းထီကို အကောင်အထည်ဖော်တာ ဖြစ်တယ်လို့ ထီကိုယ်စားလှယ်တချို့က ဆိုပါတယ်။

အဲဒီအွန်လိုင်းထီကို အောင်ဘာလေသိန်းဆုဌာနနဲ့ စစ်တပ်ရှယ်ယာပါဝင်တဲ့ Mytel က ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ပြည်သူအများစုကြား စိတ်ဝင်စားမှု ရှိမနေဘူးလို့ သူတို့က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013