ရိုမေးနီးယားသမ္မတရွေးကောက်ပွဲ ပထမအကျော့မှာ ရုရှားက ဝင်ရောက်စွက်ဖက်မှုတွေ ရှိတယ်ဆိုပြီး မဲရလဒ်ကို အခြေခံဥပဒေခုံရုံးက ပယ်ဖျက်လိုက်ပါတယ်။
ပုံမှန်ဆိုရင် ဒီတနင်္ဂနွေနေ့မှာ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ မဲပေးရမှာဖြစ်ပြီး ပြည်ပ မဲရုံ တွေမှာဆိုရင် မဲတောင်စပေးနေပြီဖြစ်ပါတယ်။
ဒါပေမဲ့ အစကနေ ပြန်လည်ကျင်းပရမယ်လို့ ခုံရုံးက ဆုံးဖြတ်လိုက်တာပါ။
ဒုတိယအကျော့မှာ ရုရှားကို ထောက်ခံတဲ့ လက်ယာစွန်းဝါဒီ ကာလင် ဂျော်ဂျက်စကူနဲ့ ဥရောပသမဂ္ဂကို ထောက်ခံတဲ့ ဗဟိုဝါဒီ ခေါင်းဆောင် အီလီနာ လက်စ်ကိုနီတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ကာလင် ဂျော်ဂျက်စကူဟာ ပထမအကျော့ ရွေးကောက်ပွဲမတိုင်မီ စစ်တမ်းတွေအရ သူ့အပေါ် ထောက်ခံမှု ၁၀ ရာခိုင်နှုန်းမပြည့်ခဲ့ပေမဲ့ တကယ်တမ်းမဲပေးတဲ့အခါ မဲအများဆုံးရခဲ့ပါတယ်။
သူဟာ ယူကရိန်းအပေါ် ရိုမေးနီးယားရဲ့ ထောက်ခံမှုကို ရပ်ဆိုင်းဖို့ ကြိုးပမ်းနေသူဖြစ်ပါတယ်။
သူသာ တက်လာရင် ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံ တခုဖြစ်တဲ့ ရိုမေးနီးယားရဲ့ မူဝါဒ ပြောင်းလဲသွားနိုင်ပါတယ်။
လက်ရှိ သမ္မတ ကလောက်စ် ယိုဟန်နစ်က သူ့သက်တမ်းဟာ ဒီဇင်ဘာ ၂၁ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပေမဲ့ နောက်ဆက်ခံသူ မရွေးချယ်ရသေးခင် ဆက်လက်တာဝန်ယူမယ်လို့ ရုပ်သံကနေ ကြေညာ ခဲ့ပါတယ်။
ရုရှားကတော့ ရိုမေးနီးယား ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်မှု တစုံတရာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
TikTok လူမှုကွန်ရက်မှာပါ ဂျော်ဂျက်စကူ အသာရအောင် အကောင့်တုတွေ၊ ပိုက်ဆံပေး ကြော်ငြာတွေနဲ့ အကြီးအကျယ်လှုံံ့ဆော်ပေးခဲ့တာတွေ့ရတယ်လို့ ရိုမေးနီးယား ထောက်လှမ်းရေး အေဂျင်စီရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဂျော်ဂျက်စကူကတော့ တစ်တော့အတွက် တပြားမှ မသုံးဖူးလို့ ကြေညာထားပါတယ်။
Source-Reuters