နာမည်ကျော်ဇာတ်ကောင် နယ်စားကြီး ဒရက်ကူလာရဲ့ ရဲတိုက်နဲ့ ဆင်တူလို့ အထူးထင်ရှားတဲ့ ရိုမေးနီးယားနိုင်ငံ၊ ထရန်ဆဲလ်ဗေးနီးယားဒေသက ဘရန်းရဲတိုက်ဟာ ဟောလိုးဝင်းကာလမှာ အထူးစည်ကားနေပါတယ်။
ဗန်ပိုင်းယား သွေးစုပ်ဖုတ်ကောင်လို ဝတ်စားထားသူတွေဟာ ဟောလိုးဝင်းအတွေ့အကြုံရှာဖို့ ဒီရဲတိုက်မှာ စုဝေးခဲ့ကြပါတယ်။
မြစ်ကိုမိုးပြီး ထွက်နေတဲ့ ကျောက်ဆောင်ပေါ်မှာ တည်ဆောက်ထားတဲ့ ဘရန်းရဲတိုက်ဟာ အိုင်းရစ်ရှ် စာရေးဆရာကြီး ဘရမ်းစတုတ်ကာရဲ့ ၁၈၉၇ ခုနှစ်က ရေးသားခဲ့တဲ့ ဝတ္ထုထဲက ဒရက်ကူလာရဲ့ ရဲတိုက်နဲ့ အနီးစပ်ဆုံး တူညီပါတယ်။
တချိန်က ရိုမေးနီးယား တော်ဝင်မျိုးနွယ်တို့ နေထိုင်ရာလည်းဖြစ်၊ ခံတပ်လည်းဖြစ်ခဲ့တဲ့ ဒီရဲတိုက်ကြီးဟာ အခုအခါမှာတော့ သမိုင်းဝင်ဖြစ်မှုကြောင့်သာမကဘဲ ဒရက်ကူလာနဲ့ ပတ်သက်မှုကြောင့်ပါ လာရောက်လည်ပတ်သူ များပြားတာဖြစ်ပါတယ်။
ဒါပေမဲ့ ဟောလိုးဝင်း ပိတ်ရက်ကာလမှာ ကျင်းပတဲ့ အထူးပွဲဆိုရင်တော့ ပိုစည်ကားတယ်လို့ ရဲတိုက်မန်နေဂျာ အဲလက်စ် ပရက်စကူက ဆိုပါတယ်။
ကြောက်စရာဝတ်စုံတွေ ဝတ်ထားတဲ့ သရုပ်ဆောင်တွေ၊ အရိုးထဲစိမ့်အောင် ကြောက်ဖို့ကောင်းတဲ့ အပြင်အဆင်တွေ၊ ဗီဒီယို ပရိုဂျက်တာနဲ့ ထိုးပြီး ပုံဖော်ထားတဲ့ ချောက်ချားစရာ ပုံရိပ်တွေက လာရောက်လည်ပတ်သူတွေကို စောင့်ကြိုနေပါတယ်။
Source : Reuters