Home
သတင်းဓာတ်ပုံ
စစ်အာဏာရှင် အားပေးအားမြှောက်လုပ်နေသည့် တရုတ်ကို ကနေဒါရောက်မြန်မာများ ဆန္ဒပြ
ပီတာအောင်
·
December 7, 2024
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB

တရုတ်အစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်ကို အားပေးထောက်ခံနေတာ ချက်ချင်းရပ်တန့်ဖို့နဲ့ မြန်မာပြည်ကနေ တရုတ်ထွက်သွားဖို့ ကနေဒါနိုင်ငံရောက် မြန်မာအရေးလှုပ်ရှားသူတွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ကနေဒါနိုင်ငံ၊  ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့မှာ ဒေသအချိန် ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက    မြို့လယ်ခေါင်လူစည်ကားရာ မြို့တော်ခန်းမကနေ တရုတ်ကောင်စစ်ဝန်ရုံးထိ မြန်မာ့အရေးလှုပ်ရှားသူတွေက ပိုစတာတွေကိုင်ပြီး အသွားအပြန် ချီတက်လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

ဆန္ဒပြရာမှာပါဝင်တဲ့ ကိုအာကာက “တရုတ်က ကျနော်တို့နိုင်ငံမှာလာပြီး နှောင့်ယှက်နေတာကို ကျနော်တို့က ဆန့်ကျင်တယ်။  ကျနော်တို့ရင်ထဲမှာရှိတဲ့ ခံစားချက်တွေကို လာပြီးထုတ် ဖော်ပြတာပါ။ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံအရေးမှာ ဝင်ရောက် နှောင့်ယှက်ခွင့်မပြုနိုင်ပါဘူး။ ကျနော်တို့ နိုင်ငံကနေ ခုချက်ချင်းထွက်သွားပါလို့ တောင်းဆိုပါတယ်”လို့ DVB ကို ပြောပါတယ်။

ကနေဒါရောက် မြန်မာပြည်သားတွေဟာ တရုတ်ကောင်စစ်ရုံးရှေ့မှာ  ဆန္ဒပြခဲ့ကြပြီးနောက် လူထုသဘောထား အိတ်ဖွင့်ပေးစာကို တရုတ်သံအရာရှိတွေထံ ကိုယ်တိုင်ပေးဖို့ကြိုးစားခဲ့ပေမဲ့ လက်ခံရယူခြင်းမရှိတာကြောင့် စာတိုက်ကနေပဲ သံရုံးဆီကို ရောက်အောင် စာပေးပို့သွားဖို့ စီစဉ်ထားပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ကျောင်းသူ မဒေစီက “ “စာထဲမှာပါတာကတော့ တရုတ်ပြည်ကနေပြီးတော့ မြန်မာနိုင်ငံအရေး ဝင်ပြီးစွက်ဖက်တာကို ရပ်တန်းက ရပ်ဖို့။ စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ ပူးပေါင်းပတ်သက်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံမှာလည်း လက်ရှိ လုပ်နေတုန်းဖြစ်တဲ့အတွက် ဒါတွေကို ရပ်တန်းကရပ်ဖို့၊  ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေပြီးတော့မှ မြန်မာပြည်အရေးကို ဝင်စွက်ဖက်လေလေ မင်းအောင်လှိုင်က ပိုပြီးတော့မှ လက်နက်အားပဲဖြစ်စေ နိုင်ငံရေးအရပဲဖြစ်စေ အင်အား ပိုကြီးပြီးတော့မှ မြန်မာပြည်သူတွေအပေါ်မှာ လက်ရှိကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ရာဇဝတ်မှုတွေကို ပိုပြီးတော့မှ လုပ်နိုင်မှာဖြစ်တဲ့အတွက်၊ တရုတ်သမ္မတအနေနဲ့  ကူညီနေတာကို ရပ်တန်းကရပ်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ဖို့ စာထဲမှာထည့်ထားပါ၊ ဒါတွေကို ပြောချင်လို့ အားလုံးစုပြီးတော့ တရုတ်သံရုံးကိုသွားပြီးဆန္ဒပြတာပါ” လို့ DVB ကိုပြောပါတယ်။  

ဆန္ဒပြသူတွေထဲမှာ လူငယ်မျိုးဆက်သစ် ကျောင်းသားကျောင်းသူတွေ၊ ၈၈ မျိုးဆက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ ကနေဒါမှာ အလုပ်လာရောက် လုပ်ကိုင်နေတဲ့ မြန်မာတွေ ပါဝင်ပြီး အေးလွန်းတဲ့ရာသီဥတုအောက်မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲကို တရုတ်လုံခြုံရေးကုမ္ပဏီအမည်ခံ လက်နက်ကိုင်တွေဝင်ရောက်မှုကို ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့  မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ လည်းဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။

တရုတ်နိုင်ငံအနေနဲ့  မြန်မာစစ်အာဏာရှင်ကို အားပေးအားမြှောက်ပြုနေတာကို ရပ်တန့်ဖို့ ကနေဒါရောက်  အခြေခံမြန်မာအသိုက်အဝန်းတွေပါဝင်တဲ့  Burmese Canadian Network  က ဒီဇင်ဘာ ၁ ရက်က ကြေညာချက်ထုတ်ပြန်ပြီး အပြင်းအထန် တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကနေဒါအစိုးရ အနေနဲ့လည်း မြန်မာ့ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေးနဲ့ လူနည်းစု တိုင်း ရင်းသားတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးရေး ပိုမိုတက်ကြွစွာ အားပေးလုပ်ဆောင်ဖို့ တိုက်တွန်း ထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ကျူးလွန်တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေမှာ တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကနေဒါက ထောက်ခံအားပေးဖို့လည်း တောင်းဆိုထားပါတယ်။

တရုတ်အစိုးရဟာ မြန်မာစစ်ကောင်စီကို သံတမန်ရေးအရရော လက်နက်နဲ့နည်းပညာတွေ အပါအဝင် စစ်ရေးအရပါ အားပေးထောက်ခံနေတာဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူ ဆုံးဖြတ်ချက်တွေ ချမှတ်မယ့်အခါတိုင်း တရုတ်က တားဆီးဟန့်တား နေတာပါ။

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာ မြန်မာပြည်ဒေသအနှံ့ကို လေကြောင်းကနေ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေသလို တရုတ်အစိုးရကလည်း သူနဲ့ နီးစပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ဖိအားပေးနေတာဖြစ်ပါတယ်။

မြန်မာအာဏာသိမ်း စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရကို ကန့်ကွက် ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေကို ဒီဇင်ဘာတလလုံး ကမ်းပိန်းလ အဖြစ်သတ်မှတ်ပြီး ကနေဒါနဲ့ အမေရိကန် အပါအဝင်နိုင်ငံတကာရောက်မြန်မာတွေက သက်ဆိုင်ရာ နိုင်ငံတွေမှာ ဆက်တိုက် ပြုလုပ်နေကြပါတယ်။

Photo:DVB

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013