Home
မြန်မာသတင်း
ICJ တရားရုံး၌ မြန်မာကို တရားစွဲထားသည့်အမှု ကြားဝင်ဆောင်ရွက်ခွင့်ပြုရန် ဆလိုဗေးနီးယားနိုင်ငံ လျှောက်ထား
DVB
·
December 6, 2024
Photo-Reuters

ရိုဟင်ဂျာအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုကို ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ ဥရောပနိုင်ငံတနိုင်ငံဖြစ်တဲ့ ဆလိုဗေးနီးယားနိုင်ငံက တရားရုံးကို လျှောက်ထားခဲ့တယ်လို့ Jurist news ဥပဒေရေးရာဝက်ဘ်ဆိုဒ်မှာ ဖော်ပြပါတယ်။

ဂျီနိုဆိုက်ရာဇဝတ်မှု ကာကွယ်တားဆီးရေးနဲ့ အပြစ်ပေးရေး ကွန်ဗန်းရှင်းမှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေဟာ  အပြည်ပြည်ဆိုင်ရာ ဥပဒေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖော်ပြသွားဖို့အတွက် ကြားဝင် ဆောင်ရွက်နိုင်ခွင့်ရှိပြီး ဂျီနိုဆိုက်ကွန်ဗန်းရှင်းမှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တဲ့ကိစ္စတွေကို တရားရုံးက စီရင်ချက် မချမှတ်ခင်မှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ကြားဝင် ဆောင်ရွက်မှု ကြေညာချက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကွန်ဗန်းရှင်းအဖွဲ့ဝင်နိုင်ငံတွေဟာ ဥပဒေကြောင်းအရ မဖြစ်မနေ လိုက်နာဆောင်ရွက်သွားဖို့ မလိုပေမဲ့ ဂျီနိုဆိုက်အမှုမှာ တခြားအဖွဲ့ဝင်နိုင်ငံကို အကူအညီပေးခွင့် ရှိသလို ICJ တရားရုံးရဲ့ ပုဒ်မ ၈၄ (၁)အရ ကြားဝင် ဆောင်ရွက်ခွင့်ကို တရားရုံးကလည်း ခွင့်ပြုပေးနိုင်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ မြန်မာကို တရားစွဲဆိုထားတဲ့အမှုမှာ တရားရုံးဥပဒေပါ ပုဒ်မ ၂ အရ ကျူးလွန်ခံရတဲ့ လူမျိုးစုရဲ့ တစိတ်တပိုင်း ဒါမှမဟုတ် လူမျိုးစုတခုလုံးအပေါ် သေကျေပျက်စီးလိုတဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက် စတဲ့ အချက်အလက်အားလုံးကို အတူတကွ ထည့်သွင်းစဉ်းစားသွားဖို့ ဆလိုဗေးနီးယားနိုင်ငံက တရားရုံးကို တိုက်တွန်းထားပါတယ်။

တာဝန်ရှိပုဂ္ဂိုလ်တဦး ဒါမှမဟုတ် မြန်မာအစိုးရအဖွဲ့တခုရဲ့ နုတ်နဲ့ ထွက်ဆိုချက်တွေကိုပဲ အခြေခံပြီး ကျူးလွန်မှုရည်ရွယ်ချက်ကို အဓိပ္ပာယ်ကောက်ယူမယ်ဆိုရင် ကျူးလွန်ခဲ့တဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို သိရှိနိုင်မှာ မဟုတ်ကြောင်းလည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိတဲ့သူတွေကို တရားစွဲဆိုရေး ရှင်းလင်းချက်မှာ နိုင်ငံ့အကြီးအကဲတွေ အပါအဝင် အဆင့်မြင့်ရာထူး ပိုင်ဆိုင်ထားသူတွေကို တရားစွဲဆိုမှုကနေ ကင်းလွတ်ခွင့် ပြုထားတာဟာ မဖြစ်သင့်ဘဲ ဂျီနိုဆိုက်ရာဇဝတ်မှုအတွက် တာဝန်ရှိတယ်ဆိုရင် ဘယ်သူမဆို တာဝန်ခံသွားရမယ်လို့လည်း ဆလိုဗေးနီးယားနိုင်ငံက ပြောကြားထားပါတယ်။

ဆလိုဗေးနီးယားနိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ခွင့် လျှောက်ထားချက်ကို မြန်မာနဲ့ ဂမ်ဘီယာနိုင်ငံတို့က ပြန်လည် သုံးသပ်မှုတွေနဲ့ စာရေးသား တုံ့ပြန်တင်ပြမှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လ်ဒိုက် စတဲ့ နိုင်ငံ ၇ နိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတဲ့ မြန်မာအမှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ ပူးတွဲလျှောက်ထားခဲ့ပြီး တရားရုံးက ခွင့်ပြုပေးခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာလူမျိုးတွေကို ပစ်မှတ်ထားပြီး လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့လကလည်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို တရားလို ရှေ့နေချုပ်က တင်ပြလျှောက်ထားပါတယ်။

Source: Jurist news 

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013