Home
နိုင်ငံတကာ
ထရမ့်ပ် ပစ်မှတ်ထားနိုင်သူများကို ကြိုတင်လွတ်ငြိမ်းခွင့်ပေးရန် ဘိုင်ဒင်အစိုးရ စဉ်းစားနေ
DVB
·
December 6, 2024
Photo-Reuters

နောက်လာမယ့် ထရမ့်ပ်အစိုးရက ပစ်မှတ်ထားနိုင်တဲ့ လက်ရှိနဲ့ အရင်အစိုးရတာဝန်ရှိသူတွေကို ကြိုတင်လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သင့်၊ မသင့် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ထိပ်တန်းလက်ထောက်တွေက ဆွေးနွေးနေကြတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။

အိမ်ဖြူတော် တာဝန်ရှိသူတွေဟာ ရာဇဝတ်မှု မကျူးလွန်ရသေးတဲ့သူတွေကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမျိုး လုပ်ဖို့ သင့်၊ မသင့်နဲ့ ဒီလိုလုပ်လိုက်ရင် ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိလာမလားဆိုတာ ငြင်းခုံနေကြတယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော် အကြီးတန်းအရာရှိတယောက်က ဘိုင်ဒင်ဟာ ဆွေးနွေးမှုတွေကို သိရှိထားပေမဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ခြင်းမရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က ဘိုင်ဒင်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။

အရင်က ဒီလို လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာမဟုတ်ဘူးလို့ ပြောခဲ့ပေမဲ့ ဘိုင်ဒင်က သူ့သား ဟန်တာ ဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

ထရမ့်ပ်အပေါ် ထိုးနှက်ခဲ့သူတွေကို လက်တုံ့ပြန်မယ်လို့ FBI အကြီးအကဲလောင်း ကက်ရှ် ပတေးလ်ရဲ့ ပြောဆိုခဲ့မှုကြောင့်လည်း အိမ်ဖြူတော်တာဝန်ရှိသူတွေ စိုးရိမ်နေကြပြီး ဒီဆွေးနွေးမှုတွေ အရှိန်မြင့်လာခဲ့ပါတယ်။

စဉ်းစားထားသူတွေထဲမှာ ထရမ့်ပ်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်သူ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ဟောင်း လစ်ဇ် ချေနီ၊ ဘိုင်ဒင်ရဲ့ ကိုဗစ်-၁၉ တုံ့ပြန်ရေးကို ညှိနှိုင်းဆောင်ရွက်ရာမှာ ကူညီခဲ့တဲ့ အန်တိုနီ ဖောင်စီ၊ ထရမ့်ပ်ကို ပထမဆုံး စွပ်စွဲဖြုတ်ချရေး ကြိုးပမ်းမှုကို ဦးဆောင်ခဲ့တဲ့ ကယ်လီဖိုးနီးယားက အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံထားရသူ  အဒမ် ရှစ်ဖ်နဲ့ ယခင် စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး မတ် မီလီတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

လုပ်ငန်းစဉ်ကို ဦးဆောင်နေတဲ့ အိမ်ဖြူတော်အရာရှိတွေကတော့ အိမ်ဖြူတော် ရုံးအဖွဲ့မှူး ဂျက် ဇီအင့်စ်နဲ့ အိမ်ဖြူတော် ဥပဒေအကြံပေး အက် စစ်စကယ်လ်တို့ ဖြစ်ပါတယ်။

အမေရိကန်ဖွဲ့စည်းပုံက သမ္မတကို ကျယ်ပြန့်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အာဏာတွေ ပေးအပ်ထားပေမဲ့ စွပ်စွဲမခံရသေးတဲ့ ပြစ်မှုတွေအတွက် ကြိုတင်လွတ်ငြိမ်းချမ်းသာခွင့် ပေးတာကတော့ မကြုံစဘူး ဖြစ်လာမှာပါ။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013