Home
နိုင်ငံတကာ
ရုရှားနှင့် ဆက်နွှယ်နေသည့် ငွေကြေးခဝါချမှု ကွန်ရက်များကို ဗြိတိန် ဖြိုခွင်း
DVB
·
December 5, 2024

ရုရှားအထက်တန်းလွှာတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကနေ ရှောင်လွှဲပြီး အနောက်နိုင်ငံတွေကို ငွေကြေးအလွှဲအပြောင်း လုပ်ပေးနေတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ ငွေကြေးခဝါချမှု ကွန်ရက်တွေကို ဗြိတိန် အမျိုးသားရာဇ၀တ်မှုအေဂျင်စီ (NCA) က ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

အဲဒီကွန်ရက်တွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ကွန်ပျူတာစနစ်ထဲ ထိုးဖောက်ပြီး ငွေညှစ်တာနဲ့  သူလျှိုလုပ်တာတွေ ဆက်စပ်နေတယ်လို့  NCA က ဒီဇင်ဘာ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်ရှိ ဖက်ဒရယ်စုံစမ်းရေးဗျူရို (FBI) နဲ့ အမေရိကန်ပြည်ထောင်စု ဒဏ်ခတ်အရေးယူရေးအေဂျင်စီ (OFAC) တို့ အပါအဝင် မိတ်ဖက်တွေနဲ့ လုပ်ဆောင်နေတဲ့ ဗြိတိန် NCA မှ စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ရာဇ၀တ်မှုလုပ်ငန်းရဲ့ အဓိကအချက်အချာဖြစ်တဲ့ Smart နဲ့ TGR ဆိုတဲ့ ရုရှားစကားပြော ရာဇ၀တ်ကွန်ရက် ၂ ခုကို ဖော်ထုတ်တွေ့ရှိခဲ့တာပါ။

သူတို့ရဲ့ဝန်ဆောင်မှုတွေဟာ ယူကရိန်းကို မော်စကိုရဲ့ ကျူးကျော်မှုအပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ပြီးနောက်မှာ ရုရှားအထက်တန်းလွှာတွေကို အနောက်နိုင်ငံ ဘဏ္ဍာရေးဈေးကွက်တွေထဲ ဝင်ရောက်ခွင့် လမ်းဖွင့်ပေးခဲ့တာလို့ NCA ရဲ့ ‘Operation Destabilise’ ဆိုတဲ့ အသေးစိတ် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကွန်ရက်လက်တံတွေဟာ ယူကေနဲ့ ဥရောပပြည်မကြီးကနေ အရှေ့အလယ်ပိုင်းနဲ့ တောင်အမေရိကအထိ နိုင်ငံပေါင်း ၃၀ ကို လက်လှမ်းမီ ဖြန့်ကြက်ထားနိုင်ပါတယ်။

ဘိုင်ဒင်အစိုးရဟာ ရုရှားနဲ့ဆက်နွှယ်တဲ့ ပိတ်ဆို့အရေးယူမှု အသစ်တရပ်ကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပြီး ရုရှားအထက်တန်းလွှာတွေကို ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားနိုင်အောင် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို အသုံးချနိုင်ခွင့် ပြုထားတဲ့ တရားမ၀င် ငွေကြေးကွန်ရက်ကို ရည်ရွယ်အရေးယူဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

ခရစ်ပ်တို ဒစ်ဂျစ်တယ်ငွေကြေး ရှိထားတဲ့ ရုရှားရှိ ရာဇ၀တ်ဂိုဏ်းတွေဟာ တခြားနေရာတွေမှာ ငွေသားသုံးစွဲတဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ချိတ်ဆက်တာဖြစ်ကြောင်း NCA က ပြောပါတယ်။

အဲဒီနောက် ကွန်ရက်တွေဟာ ဂိုဏ်းတွေအတွက် သူတို့ဆီက ဒစ်ဂျစ်တယ်ငွေကြေးကို လက်ခံပြီးတော့ ငွေသားပမာဏနဲ့ အလဲအလှယ်လုပ်ဖို့ စီစဉ်ပေးပြီး ဆောက်လုပ်ရေးကုမ္ပဏီတွေလို “ငွေသားများများ သုံးစွဲရတဲ့ စီးပွားရေးလုပ်ငန်းတွေ” မှတဆင့် နိုင်ငံပြင်ပကို ငွေကြေးခဝါချတာဖြစ်ကြောင်း NCA က ပြောတယ်။

အလဲအလှယ်လုပ်ပြီးသွားရင် ဂိုဏ်းတွေဟာ မူးယစ်ဆေးဝါး သို့မဟုတ် လက်နက်တွေကို ပိုမိုဝယ်ယူဖို့အတွက် နယ်စပ်ဖြတ်ကျော်ပြီး ငွေထုပ်ကြီးတွေကို သယ်ယူရွှေ့ပြောင်းဖို့ မလိုအပ်တော့ဘဲ ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုနိုင်ကြကြောင်း NCA က ဆိုပါတယ်။

NCA စုံစမ်းစစ်ဆေးရေးကနေ အခုအချိန်အထိ ဖမ်းဆီးခံထားရသူ ၈၄ ယောက်ရှိပြီး အများအပြားမှာ ထောင်ဒဏ်ကျခံနေရပြီးဖြစ်သလို ငွေသားတွေနဲ့ ဒစ်ဂျစ်တယ်ငွေကြေး ဒေါ်လာ သန်း ၂၀ ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013