Home
နိုင်ငံတကာ
ရုရှား ‘အိုရက်ရှ်နစ်’ ဒုံးကျည်သစ် ဘယ်လောက်အစွမ်းထက်သလဲ  
DVB
·
December 5, 2024
Photo: Reuters

ယူကရိန်းနိုင်ငံ၊ ဒနီပရိုမြို့မှာ နိုဝင်ဘာ ၂၁ ရက်က ထူးခြားတဲ့ ဒုံးကျည်တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ ရုရှားရဲ့ နောက်ဆုံးပေါ် စစ်လက်နက်တခုဖြစ်တဲ့ ‘အိုရက်ရှ်နစ်’ ဒုံးကျည်သစ်နဲ့ ပထမဆုံးအကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဒုံးကျည်မှာ ထူးခြားချက် ၃ ခု ရှိပါတယ်။ ပထမတချက်က ဒုံးထိပ်ဖူး ၆ လုံးကို တပြိုင်နက်တည်း သယ်ဆောင်နိုင်ပါတယ်။ ဒုတိယတချက်က အသံထက်မြန်တဲ့ အရှိန်နဲ့ ပျံသန်းနိုင်ပါတယ်။ တတိယနဲ့ အထူးခြားဆုံးအချက်ကတော့ ဒုံးထိပ်ဖူးတွေကို သီးခြားပစ်မှတ်တွေဆီ လွှတ်ချနိုင်တာဖြစ်ပါတယ်။

ဒုံးကျည်က ဘယ်လိုအလုပ်လုပ်သလဲဆိုရင် ဒုံးကျည်ဟာ ပထမအဆင့် အင်ဂျင်တွေတွန်းအားနဲ့ ပျံတက်အပြီးမှာ အရှိန်မြင့်လာပြီး ပရိုဂရမ်ဆွဲထားတဲ့ အာကာဝေဟင် လမ်းကြောင်းအတိုင်း ဦးတည်ရွေ့လျားပါတယ်။

ဒုံးကျည်ရဲ့ ပထမအဆင့်ကို ဖြုတ်ချလိုက်ပါတယ်။ လောင်ကျွမ်းပြီးသား အင်ဂျင်တွေနဲ့ ဆီမရှိတော့တဲ့ ဆီကန်အပိုင်းကို ဖြုတ်ချလိုက်တာ ဖြစ်ပါတယ်။

MIRV ယာဉ်ဟာ အထက်အဆင့်ကနေ ခွဲထွက်လာပါတယ်။ ခဏတာ အရှိန်မြှင့်အပြီးမှာ အာကာဝေဟင် လမ်းကြောင်းအတိုင်း ပစ်မှတ်ဆီကို ပျံသန်းလာပါတယ်။

MIRV ယာဉ်ဟာ အာကာသကို ဖြတ်ပြီးတော့ ပစ်မှတ်ဧရိယာဆီကို ပျံသန်းပါတယ်။ ဒီအဆင့်မှာ လမ်းခုလတ် ကြားဖြတ်ဟန့်တားနိုင်ခြေ အများဆုံးဖြစ်ပါတယ်။

ဒုံးထိပ်ဖူးတခုချင်းစီကို မပစ်လွှတ်ခင်မှာ MIRV ယာဉ်မှာပါတဲ့ လမ်းညွှန်စနစ်တွေနဲ့  သီးခြားပစ်မှတ်တွေကို ပစ်နိုင်ဖို့ ချိန်ညှိပါတယ်။

ဒီနီပရိုမြို့ကို ပစ်ခတ်ခဲ့ရာမှာ ဒုံးထိပ်ဖူး ၆ ခုဟာ မတူညီတဲ့ မြေပြင်ပစ်မှတ်တွေကို ထိမှန်ခဲ့ပါတယ်။

ဒီဒုံးကျည်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ရုရှားသမ္မတ ဗလာဒီတာ ပူတင်က ရှင်းပြပါတယ်။

“ခင်ဗျားတို့မေးတာနဲ့ပတ်သက်လို့ ‘အိုရက်ရှ်နစ်’ ဘယ်လိုအလုပ်လုပ်လဲဆိုတာ ထပ်ပြီး ရှင်းပြပါရစေ။ ဒုံးထိပ်ဖူးတွေ အများကြီးပါတယ်။ ပစ်မှတ်ကို အလိုအလျောက် ရှာဖွေတိုက်ခိုက်တဲ့ ဒုံးထိပ်ဖူးတွေက တစက္ကန့်ကို ၃ ကီလိုမီတာ (တစက္ကန့်ကို ၁ ဒသမ ၈၆ မိုင်) နှုန်းနဲ့ မက်ခ် ၁၀ အမြန်နှုန်းနဲ့ တိုက်ခိုက်တယ်။ တိုက်ခိုက်တဲ့အစိတ်အပိုင်းတွေရဲ့ အပူချိန်က ဒီဂရီ ၄၀၀၀ အထိ ရောက်တယ်။ ကျုပ်မှတ်မိသလောက်ဆိုရင် နေမျက်နှာပြင်ရဲ့ အပူချိန်က ဒီဂရီ ၅၅၀၀ ကနေ ၆၀၀၀ လောက်ရှိတယ်။ ဒါကြောင့် ပေါက်ကွဲမှုဗဟိုချက်မှာရှိတဲ့ အရာအားလုံးဟာ အပိုင်းအစတွေ၊ အဏုမြူအမှုန်တွေအဖြစ် ကွဲထွက်သွားပြီး ဖုန်မှုန့်လို ဖြစ်သွားတာပေါ့။”

ပူတင်က ဒီဒုံးကျည်ဟာ တားဆီးလို့မရဘူးလို့ ကြွေးကြော်ခဲ့ပေမဲ့ အနောက်နိုင်ငံတွေမှာ ဒီလိုဒုံးကျည်မျိုးကို တားဆီးဖျက်ဆီးနိုင်တဲ့ စနစ်တွေ ရှိနေပြီး ဖြစ်ပါတယ်။ အစ္စရေးရဲ့ Arrow 3 နဲ့ အမေရိကန်ရဲ့ SM-3 Block 2A တို့က ဥပမာကောင်းတွေဖြစ်ပါတယ်။

ဒီဒုံးကျည်ဟာ နျူးကလီးယားထိပ်ဖူးတွေ တင်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ RS-26 ဆိုတဲ့ ဒုံးကျည်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ RS-26 ကို စမ်းသပ်မှု ၅ ကြိမ် လုပ်ခဲ့ပေမဲ့ အသုံးပြုခဲ့တာ မရှိသေးပါဘူး။

ဒီတိုက်ခိုက်မှုမတိုင်ခင် ရုရှားဟာ အမေရိကန်ကို ကြိုအသိပေးခဲ့ပြီး အမေရိကန်ကလည်း ယူကရိန်းနဲ့ မဟာမိတ်တွေကို သတိပေးခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းဘက်ကတော့ ဒီတိုက်ခိုက်မှုက ပျက်စီးဆုံးရှုံးမှု သိပ်မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ပူတင်ကတော့ ဒါဟာ ယူကရိန်းက အမေရိကန်နဲ့ ဗြိတိန်ဒုံးကျည်တွေ သုံးပြီး ရုရှားအပေါ် တိုက်ခိုက်လာတာကို  တုံ့ပြန်သတိပေးလိုက်တာလို့ ပြောပါတယ်။

စစ်ရေးကျွမ်းကျင်သူတွေကတော့ ဒီလိုဒုံးကျည်မျိုးကို အသုံးပြုတာဟာ စစ်ရေးထက် စိတ်ဓာတ်စစ်ဆင်ရေးတခုလို့ သုံးသပ်ကြပါတယ်။ ပူတင်က သတင်းစာရှင်းလင်းပွဲတွေ အကြိမ်ကြိမ်လုပ်ပြီး ဒီဒုံးကျည်အကြောင်း ထပ်ခါထပ်ခါ ပြောဆိုနေတာကို ကြည့်ရင် တကယ်သုံးဖို့ထက် ခြိမ်းခြောက်ဖို့ ရည်ရွယ်တာကို တွေ့နိုင်ပါတယ်။

ဒါကြောင့် အိုရက်ရှ်နစ် ဒုံးကျည်ဟာ နည်းပညာပိုင်းအရ ပိုအဆင့်မြင့် နက်နဲလာတယ်ဆိုပေမဲ့ လက်တွေ့မှာတော့ စစ်ရေးထက် နိုင်ငံရေးခြိမ်းခြောက်ဖို့ ရည်ရွယ်တဲ့ လက်နက်တခုလို့ ဆိုနိုင်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013