ဂါဇာကမ်းမြောင်ဒေသမှာ ဖေဖော်ဝါရီလက အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဟားမတ်စ် စစ်သွေးကြွတွေဟာ ဓားစာခံ ၆ ယောက်ကို သတ်ပစ်ခဲ့ဖွယ်ရှိကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီက ဒီဇင်ဘာ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဩဂုတ်လက ဂါဇာကမ်းမြောင်ဒေသက အစ္စရေးဓားစာခံ ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို ပြန်ရရှိခဲ့ပြီး သူတို့ရဲ့သေဆုံးမှုတွေဟာ သူတို့ကို ဟားမတ်စ်တို့ ချုပ်နှောင်ထားတဲ့ နေရာအနီးမှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ စစ်တပ်က အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
စုံစမ်းရေးကော်မရှင်က ဓားစာခံတွေ သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးခဲ့ပြီး ဖြစ်နိုင်ခြေ အတော်များများကို ဖော်ထုတ်ခဲ့တာမှာ ဖြစ်နိုင်ခြေအရှိဆုံးကတော့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားတွေက ဓားစာခံတွေကို သတ်ဖြတ်ခဲ့ပြီး IDF ရဲ့ တိုက်ခိုက်မှုရလဒ်ကြောင့် အကြမ်းဖက်သမားတွေကိုယ်တိုင် သတ်ဖြတ်ခံခဲ့ရတယ်လို့ ယူဆထားကြောင်း အစ္စရေး စစ်ဘက်ပြောခွင့်ရ ဒန်နီယယ် ဟာဂါရီက ပြောပါတယ်။
“တိုက်ခိုက်မှု ဖြစ်ပွားတဲ့အချိန်မှာ ဓားစာခံတွေဟာ မြေအောက်ခြံဝန်း ဒါမှမဟုတ် အနီးတဝိုက်မှာ ရှိနေတယ် ဆိုတဲ့ ဘာသတင်းကိုမှ စစ်တပ်က မရရှိထားဘဲ ဘာသံသယမှတောင် မရှိခဲ့ဘူး။ အဲဒီလို အချက်အလက်တွေ ရခဲ့ရင် တိုက်ခိုက်ဖြစ်မှာ မဟုတ်ဘူး” လို့ စစ်တပ်က ဓားစာခံတွေ သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး ကြေညာချက်ထဲမှာ ပြောပါတယ်။
စစ်တပ်က ဖေဖော်ဝါရီလမှာ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပြီး ဓားစာခံတွေရဲ့ ရုပ်အလောင်းတွေကို သြဂုတ်လနှောင်းပိုင်းမှာ ဆယ်ယူရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ခန်ယိုးနစ်ဒေသရှိ ဟားမတ်စ် မြေအောက်ဥမင်လိုဏ်ခေါင်းတခုအတွင်း ဓားစာခံ ၆ ယောက် သေဆုံးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာ အကျဉ်းရုံး ပြသထားပါတယ်။
ရိုက်တာကတော့ ဗီဒီယိုရိုက်ကူးခဲ့တဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒါ့အပြင် အစ္စရေးစစ်တပ်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခံရတဲ့ အီတေး ဆဗီယာစကီးရဲ့ ရုပ်အလောင်းကို ပြန်လည်ရရှိခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မိသားစုကို အကြောင်းကြားထားတယ်လို့လည်း စစ်တပ်ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
အီတေးရဲ့ ရုပ်အလောင်းကို အစ္စရေးမှာ သင့်တော်သလို သင်္ဂြိုဟ်ဖို့ ပြန်ရရှိလာတာဟာ သူ့မိသားစုအတွက် အရေးကြီးတဲ့ကိစ္စ အပြီးသတ်ခြင်းကို ဖြည့်ဆည်းပေးလိုက်တာပဲလို့ ဟားမတ်စ်ရဲ့ ချုပ်နှောင်ခံထားရတဲ့ မိသားစုတွေကို ကိုယ်စားပြုတဲ့ ဓားစာခံမိသားစုဖိုရမ်ရဲ့ ကြေညာချက်မှာ ဆိုထားပါတယ်။
Source : Reuters