Home
အနုပညာ
ချင်းမိုင်တွင်ကျင်းပမည့် DVB Peacock Film Festival အခမဲ့ ကြည့်ရှုနိုင် 
DVB
·
December 4, 2024
Photo-DVB

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအခင်းအကျင်းနဲ့ လူမှုဘဝတွေကိုပုံဖော်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကား ၃၀ ကျော်ကိုပြသမယ့် DVB Peacock Film Festival မှတ်တမ်းရုပ်ရှင်ပွဲတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၈ ရက်ကစပြီး ၃ ရက်ကြာ ကျင်းပဖို့ရှိပါတယ်။ 

မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေ လူမှုဘဝတွေနဲ့ စုံစမ်းဖော်ထုတ်မှုတွေ ပါဝင်တဲ့ ရုပ်သံမှတ်တမ်းတို ၃၂ ကားကို လာမယ့် ဒီဇင်ဘာ ၈ ရက်ကနေ ၁၀ ရက်အထိ ၃ ရက်ကြာ မနက် ၁၁ နာရီကစလို့ ညနေ ၆ နာရီအချိန်ထိ ချင်းမိုင်မြို့မှာ အခမဲ့ ပြသသွားမှာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)က ဦးဆောင်ပြုလုပ်တဲ့ DVB Peacock Film Festival ဟာ အရင်နှစ်တွေတုန်းကနဲ့မတူဘဲ ထူးခြားတဲ့ တင်ဆက်ပြသမှုတွေပါဝင်မှာဖြစ်တယ်လို့ DVB ရဲ့ အယ်ဒီတာချုပ်  ဦးအေးချမ်းနိုင်က ပြောပါတယ်၊

ကဏ္ဍ ၃ ခုအောက်မှာ ပြသမယ့် ရုပ်သံမှတ်တမ်းတွေထဲမှာ DVB က သင်တန်းပေးပြီး ရိုက်ကူးထုတ်လုပ်စေတဲ့ CJ shorts ကဏ္ဍလည်းပါဝင်ပြီး  ပြည်တွင်းက ပြည်သူပြည်သားသတင်းသမား Citizen Journalist တွေရဲ့ ဖန်တီးရိုက်ကူးမှုတွေကိုလည်း တပါတည်း ကြည့်ရှုခံစားနိုင်မှာလည်း ဖြစ်ပါတယ်၊

ရုပ်သံမှတ်တမ်းပြသတာတွေအပြင် Podcast ဆိုင်ရာ ဆွေးနွေးပွဲနဲ့ ရုပ်ရှင်ဒါရိုက်တာ ဏကြီး၊ မှတ်တမ်း ရုပ်ရှင်ဖန်တီးသူ လေးသီတာ၊ CJ ပရိုဂျုဆာ ဘိုသက်ထွန်းတို့ရဲ့ ရုပ်ရှင်ဖန်တီးမှုဆိုင်ရာ အထူးဆွေးနွေးပွဲတွေကိုပါ ထည့်သွင်းပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ ထုတ်ဖော်ပြောဆိုဖို့ ခက်ခဲတဲ့ လူမှုဘဝ အကျပ်အတည်းတွေကို မှတ်တမ်းရုပ်ရှင်တွေကတဆင့် ထုတ်ဖော်ပြောဆိုခွင့်ရမယ့် DVB Peacock Film Festival ကို လာရောက်ကြဖို့ DVB က ဖိတ်ခေါ်ထားပါတယ်။ 

DVB Peacock Film Festival  မှာ မြန်မာ့ဒီမိုကရေစီခရီးလမ်းကြမ်းက သမိုင်းမှတ်တမ်းတွေ၊ အကျပ်အတည်းတွေကြားက ရှင်သန်နေထိုင်မှုတွေနဲ့ မြန်မာသတင်းထောက်တွေ ပေးပို့တဲ့ လက်ရှိ ခေတ်နဲ့စနစ်ကို ထင်ဟပ်စေတဲ့ ရုပ်သံဆောင်းပါး  News Featureတွေ အပြင် နာမည်ကြီး မြန်မာ Documentary Filmmaker တွေရဲ့ မှတ်တမ်းရုပ်ရှင်တွေနဲ့ DVB အထူးစုံစမ်း ဖော်ထုတ်ထားတဲ့ Investigate Documentary တွေ ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။

DVB Peacock Film Festival နဲ့ ပတ်သက်ပြီး အောက်ပါ လူမှုကွန်ရက်မှာ  https://www.facebook.com/dvbpeacockfilmfestival  အသေးစိတ် ကြည့်ရှု လေ့လာနိုင်ပါတယ်။ 

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013