တော်လှန်ရေးရဲဘော်တွေ ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ထည့်သွင်းပြသနေတဲ့ “ဆူးတွေနဲ့ ချွန်မြသော” Together With Razor Sharp Thorns ပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ခင်းကျင်းပြသနေပါတယ်။
လက်ရှိ ပြခန်းအနေအထားအရ ပန်းချီကား ၇၀ က ကားပေါင်း ၃၆ ကားကိုသာ ခင်းကျင်းပြသထားပြီး တော်လှန်ရေးရဲဘော်တွေကိုယ်တိုင် ရေးဆွဲထားတဲ့ကားတွေ ပါဝင်ကြောင်း ပွဲစီစဉ်သူ ကိုကံကောင်းက DVB ကို ပြောပါတယ်။
“ခုပြသထားတာကတော့ abstract paintings တချို့နဲ့ ရဲဘော်တွေရဲ့ ပန်းချီကားတွေကိုပဲ ပြထားတာပါခင်ဗျ။ အဓိက ပန်းချီတွေဆိုရင်တော့ ကိုကျီးကန်းရဲ့ ပန်းချီကားလေးကို လေလံအနေနဲ့ ထားထားတယ် ပြောရမယ်ခင်ဗျ။ နောက် တခြားရဲဘော်တွေရဲ့ ကားတွေလည်း ပါပါတယ်။ ပြထားတဲ့ကားထဲက ၄ ချပ်ဆိုရင် တကားချင်းစီရဲ့ ကဗျာလေးတွေ ပါပါတယ်။ တချို့ကားတွေကတော့ ရဲဘော်တွေရဲ့ biometric လေးတွေ ပါနေတာလည်း ရှိပါတယ်။ ပိုင်ရှင်ရဲဘော်တချို့ကတော့ ခု စစ်ကြောရေးထဲမှာ ပါသလို တချို့ကလည်း မလုံခြုံတဲ့ တနေရာမှာ အထဲမှာ ရှိနေပါတယ်။ ရှေ့တန်းရောက် ရဲဘော်တွေလည်း ပါဝင်ပြီးတော့ တချို့ကတော့ နယ်စပ်ဒေသတွေကနေ ပါဝင်ထားတာပါ။”
ပြည်ပမှာပြုလုပ်ရတဲ့ ပြပွဲဖြစ်တဲ့အလျောက် လာရောက်ကြည့်ရှုသူ နည်းပါးတဲ့ အခြေအနေနဲ့ ရလာတဲ့ အကျိုးအမြတ်တွေကို စစ်ရှောင်တွေဆီ ခွဲဝေလှူဒါန်း ထောက်ပံ့သွားမယ့် အကြောင်းကိုလည်း ရှင်းပြပါတယ်။
ကိုကံကောင်းက “ရလာတဲ့ငွေတွေရဲ့ ၇၀ ရာခိုင်နှုန်းက စစ်ရှောင်တွေကို ကူညီမှာပါ။ များသောအားဖြင့် ကိုယ့်အဆက်အသွယ်နဲ့ လက်ကမ်းမီတဲ့ နေရာတွေကိုပဲ အဓိက ဦးတည်ထားပါတယ်။ ကျနော်နဲ့အတူ တချို့ ပန်းချီဆရာ ရဲဘော်တွေနဲ့လည်း လက်ကမ်းမီတဲ့နေရာ သူတို့ရဲ့ စိတ်ဆန္ဒအရ ဘယ်နေရာလိုနေတယ်၊ ဘယ်နေရာက ဘယ်ကို ဘယ်လောက်ခွဲပေးပါ ဆိုပြီး ကျနော်တို့ ပြန်တိုင်ပင်ပြီး လုပ်သွားမှာပါ။ ဘာလို့လဲဆိုတော့ ခုထိလည်း ဘယ်လောက်ရမယ်ဆိုတာ ကြိုပြီးမတွေးထားတာမို့ပါ။ ၃၀ ရာခိုင်နှုန်းကတော့ ကျနော်တို့ ပန်းချီဆရာတွေဆီကို နောက်ထပ် ရှေ့ဆက်ပါဝင်နိုင်အောင် ပြန်ပေးသွားမှာပါ” လို့ ပြောပါတယ်။
“ဆူးတွေနဲ့ ချွန်မြသော” Together With Razor Sharp Thorns ပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Pongnoi Community Art Space မှာ နိုဝင်ဘာ ၁၆ ရက်ကနေ ၃၀ ရက်အထိ ပြသချိန် မနက် ၁၀ နာရီကနေ ညနေ ၇ နာရီထိ ပြုလုပ်သွားမှာဖြစ်ပြီး ပြပွဲပြီးဆုံးသွားရင်တော့ facebook လူမှုကွန်ရက် စာမျက်နှာကနေ တိုက်ရိုက်ပြသ ရောင်းချပေးသွားမယ်လို့လည်း သိရပါတယ်။