Home
ရုပ်သံ
တော်လှန်ရေးရဲဘော်များအတွက် ယူနီဖောင်းဖြည့်ဆည်းပေးနေသည့် အထည်ချုပ်စက်ရုံလေး  (ရုပ်သံ)
DVB
·
November 19, 2024

မြန်မာပြည်ရဲ့ အသေးငယ်ဆုံးပြည်နယ်ဖြစ်တဲ့ ကယား(ကရင်နီ)ပြည်နယ် တနေရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်း ကယား(ကရင်နီ) စစ်ဒေသက ဖွင့်ထားတဲ့ အထည်ချုပ်စက်ရုံငယ်လေးဟာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ယူနီဖောင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ နေရာတခုဖြစ်ပါတယ်။  

သွပ်မိုး၊ ပိုက်ဆန်ကာတွေ ကာထားတဲ့ အဆောက်အဦငယ်လေးတလုံးထဲမှာ အမျိုးသမီးတစုက မီးစက်သံ ဆူဆူညံညံကြားထဲမှာ အလုပ်ရှုပ်နေကြတာ မြင်တွေ့ရပါတယ်။ 

ဒီအမျိုးသမီးတွေ ကြိုးစားပမ်းစားနဲ့ ချုပ်လုပ်နေကြတာက ပွဲလမ်းသဘင်ဝတ်ဖို့၊ ဘုရားသွားကျောင်းတတ်ဝတ်ဖို့၊ ကျောင်းတက်ဖို့ ဖက်ရှင်ဝတ်စုံတွေချုပ်တွေတော့ မဟုတ်ပါဘူး။ ရှေ့တန်းထွက် တော်လှန်ရေး ရဲဘော်တွေအတွက် အကြမ်းခံမယ့် စစ်ဝတ်စုံတွေပါ။

ဒီစက်ရုံမှာ အမျိုးသမီး ၇ ယောက်နဲ့ လည်ပတ်နေတာဖြစ်ပြီး အဲဒီထဲမှာ မအိသဉ္ဇာထွန်း တယောက်လည်း အပါအဝင်ပါ။

ဒီတနိုင်တပိုင် အသေးစားစက်ရုံလေးကနေ တလကို ယူနီဖောင်း အထည် ၅၀ ဝန်းကျင်လောက်တော့ ထုတ်လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

မီးမရှိတဲ့ အရပ်ဒေသမှာ လည်ပတ်ရတာဖြစ်သလို စက်ပစ္စည်းတွေ ပျက်တဲ့အခါမှာလည်း အလွယ်တကူ ပြင်ပေးနိုင်တဲ့သူ မရှိတာကြောင့် အခက်အခဲတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် မီးမရှိတဲ့နေရာဖြစ်တဲ့အတွက် မီးစက်မောင်း လည်ပတ်ရတာ၊ ကုန်ကြမ်း မှာယူရတာတွေကြောင့် ထင်ထားသလောက်တော့ ကုန်ကျစရိတ် မသက်သာဘူးလို့ အလယ်ပိုင်းတိုင်းကယား(ကရင်နီ)စစ်ဒေသရဲ့ စစ်ထောက်တာဝန်ခံက ပြောပါတယ်။

နောက်ပိုင်းမှာတော့ ယူနီဖောင်းအပြင် တခြားသော စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း ထုတ်လုပ်နိုင်အောင် ကြိုးစားသွားကြမယ်လို့လည်း ဆိုကြပါတယ်။ 

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013