ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ အညာဒေသ စစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့အတွက် တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူနေတယ်လို့ BPLA ရဲ့ စုဆောင်းရေးနဲ့ စိစစ်ရေးဌာနဆီကနေ သိရပါတယ်။
BPLA စုဆောင်းရေးနဲ့ စိစစ်ရေးဌာနရဲ့ တာဝန်ခံတယောက်က “ကျနော်တို့ BPLA ဟာ အညာဒေသ စစ်ဆင်ရေးတွေအတွက် တပ်ဖွဲ့ဝင်အသစ်တွေ စိစစ်ရွေးချယ် ခေါ်ယူနေပါတယ်” လို့ ပြောပါတယ်။
စိတ်ပါဝင်စားကြသူတွေအနေနဲ့ Bamar People’s Liberation Army (BPLA) ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ဆက်သွယ်စုံစမ်းနိုင်တယ်လို့လည်း ဆိုပါတယ်။
BPLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက “အညာစစ်ဒေသက BPLA ရဲ့ တတိယမြောက်စစ်ဒေသ ဖြစ်ပါတယ်။ BPLA ဟာ ဗမာ ERO တခုအဖြစ် ကြိုးစားတည်ဆောက်နေတာပါ။ ဗမာတပ်တခုအနေနဲ့ ဗမာလူထုအများစု နေထိုင်ရာ အညာဒေသမှာ စုဖွဲ့မှုအားကောင်းကောင်းနဲ့ စစ်ကောင်စီကို တိုက်ထုတ်နိုင်ဖို့က BPLA ရဲ့ အဓိကရည်မှန်းချက် ဖြစ်ပါတယ်။ အခုမှ အခြေချဖို့ စိတ်ကူးပေါက်လာတာ မဟုတ်ပါဘူး။ ၃ နှစ်ကျော်လောက် ပြင်ဆင်အချိန်ယူခဲ့ခြင်းသာ ဖြစ်ပါတယ်။ လက်ရှိ အညာစစ်ဒေသမှာ သင်တန်းတခုက စနေပါပြီ။ နောက်ထပ်တခုအတွက် လူသစ်စုဆောင်းနေတာ ဖြစ်ပါတယ်။ ဒီနှစ်ခုပြီးရင်တော့ စုဖွဲ့မှုအားကောင်းကောင်းနဲ့ အညာမှာ စစ်ရေးဖော်ဆောင်မှုလုပ်သွားဖို့ ရှိပါတယ်။ အညာက စစ်ကိုစစ်နဲ့တူအောင် တိုက်ဖို့ဆန္ဒရှိတဲ့ လူငယ်တွေကိုလည်း BPLA နဲ့အတူ ပူးပေါင်းကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။
BPLA အနေနဲ့ တပ်တည်ထောင်တဲ့ ၃ နှစ်ကျော်ကာလအတွင်း ကနဦးအနေနဲ့ ကရင်ပြည်နယ်မှာ အမှတ် ၁၀၇ စစ်ဒေသနဲ့ ရှမ်းမြောက်အခြေစိုက်တဲ့ အမှတ် ၂၀၃ စစ်ဒေသတွေမှာ လှုပ်ရှားနယ်မြေ ၂ ခုအတွင်းမှာ မဟာမိတ်တပ်တွေနဲ့အတူ ပူးပေါင်း တိုက်ပွဲဝင်နေပြီး အညာဒေသမှာ အမှတ် ၃၀၈ အညာစစ်ဒေသဆိုပြီး ၃ ခုမြောက် စစ်ဒေသအဖြစ် တိုးချဲ့တာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ အညာဒေသစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ အမှတ် ၃၀၈ အညာစစ်ဒေသအတွက် တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူတာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်မှာ တကြိမ်ခေါ်ယူခဲ့ပြီး ဒီဇင်ဘာ ၂ ရက်မှာ နောင်တကြိမ် ထပ်မံခေါ်ယူတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
BPLA အနေနဲ့ အညာဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်းတွေအပြင် အခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းပြီး တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့လည်း BPLA ရဲ့ ကွပ်ကဲရေးမှူး ကိုဆောင်းခက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
BPLA ဟာ ဗမာလူမျိုးစု ကိုယ်စားပြုနိုင်ရေးနဲ့ ဗမာလူထုရဲ့ အသိအမှတ်ပြုမှုရရှိရေးကို တဆင့်ချင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။