စစ်ကောင်စီတပ်က တပ်သားသစ်တွေကို မူးယစ်ဆေးဝါးသုံးခိုင်းပြီး ရှေ့တန်းကို စေလွှတ်နေတယ်လို့ စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အတင်းအဓမ္မ စုဆောင်းထားတဲ့ လူငယ်တပ်သားသစ်တွေ အပါအဝင် တပ်သားဟောင်းတွေကိုပါ မူးယစ်ဆေးဝါးသုံးခိုင်းပြီး ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်နေတယ်လို့ လွိုင်ကော်မြို့အနီး တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား သုံ့ပန်းတွေက ပြောပါတယ်။
ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ စစ်သုံ့ပန်းတွေကို ဆေးကုသမှုပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားရှိတယ်ဆိုတဲ့ ရုပ်သံဖိုင်မှာ ပြောဆိုထားကြတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်က တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ က စစ်ကောင်စီတပ်သားတွေနဲ့ ဖြစ်ပွားတဲ့ လွိုင်ကော်မြို့အနီး တိုက်ပွဲအတွင်း သေနတ် ၂ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း ၅ ယောက်ကို အရှင်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းမိခဲ့တဲ့သူတွေထဲမှာ အဓမ္မစစ်သားစုဆောင်းခံရတဲ့သူတွေလည်း ပါဝင်ပြီး ဗိုလ်မှူးအဆင့် ရှိသူတွေကတော့ ထွက်ပြေးသွားတယ်လို့ ဖမ်းဆီးခံရတဲ့ တပ်သားတွေက ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် လွိုင်ကော်မြို့ အနီးတဝိုက်မှာ KNDF၊ ကလလတ၊ PNDF နဲ့ Loikaw Local PDF တို့က ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၃ ရက်က မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ခိုလှုံခဲ့တဲ့ မြိတ်မြို့၊ ခလရ ၁၀၃ တပ်ရင်းက စစ်မှုထမ်းအပတ်စဥ် ၂ ဆင်း တပ်သား ၃ ယောက်ရဲ့ ပြောပြချက်အရ စစ်သားဟောင်းတွေက စုဆောင်းထားတဲ့ လူငယ်တပ်သားသစ်တွေကို မူးယစ်ဆေးဝါး ပေးသုံးတာတွေ၊ ဝါဒဖြန့်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မူးယစ်ဆေးဝါးကို ကိုယ်တိုင်သုံးစွဲရုံသာမက ရောင်းဝယ်ဖြန့်ချိနေတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လင်းအိမ်