Home
မြန်မာသတင်း
မွန်-ကရင်နယ်စပ်တွင် ကရင် BGF တပ်သားသစ်များ အားဖြည့်
DVB
·
November 21, 2024

မွန်-ကရင်နယ်စပ်က ရွာတွေမှာ စစ်ကောင်စီတပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်သားသစ်တွေနဲ့ အင်အားဖြည့်တင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂျိုင်းမြစ်တလျှောက်ကကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာလကစတင်ကာ ကရင်နယ်ခြားစောင့် တပ်(BGF)တပ်သားသစ်တွေကို အင်အားဖြည့်တင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ကျမတို့ရွာတွေမှာတော့ အင်အားတွေတိုးနေတယ်။  စစ်သားတွေကို ရွာထဲမှာထားလို့ အုပ်ချုပ်ရေးမှူးကို ပြောတယ်။ ရွာသားတွေကပြောတော့ သန်းခေါင်စာရင်းကောက်ဖို့ လာတာတဲ့။ လာချင်လို့လာတာ မဟုတ်ဘူးတဲ့။ ရွာတိုင်းမှာရှိတာပဲ။ ငါတို့ရွာထဲမှာပဲနေတာ မဟုတ်ဘူးတဲ့။ နောက်သန်းခေါင်စာရင်းကလည်း ပြီးသွားပြီလေ အခုက။ မပြန်ဘူး။ တခါတလေကျရင် ကား ၁ စီး၊ အခုက တခါတလေကျရင် ၃ စီး၊ ၄ စီး၊ ကား ၅ စီးအထိတောင် သူတို့လာပြီးနေကြတယ်။ နောက်ပြီး သူတို့လူတွေ ခဏ ခဏ ချိန်းတယ်။ လူတွေအကုန်လုံးက သူတို့ကို ကြောက်နေတယ်။ တိုက်ပွဲဖြစ်မှာလည်း စိုးရိမ်တယ်” လို့ ပြောပါတယ်။

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကော့ဘိန်း၊ ဓမ္မတ၊ တရနာ၊ သံလယ် စတဲ့ကျေးရွာတွေမှာ သင်တန်းဆင်းလာတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး လှုပ်ရှားနေပါတယ်။ ဒါအပြင် နေ့တိုင်းလိုလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ စစ်ရှောင်အရေးကူညပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူက “အရွှေ့အပြောင်းလုပ်နေတယ်။ နောက်လူသစ်တွေ ဖြည့်နေတယ်။ နောက်ဆက်တွဲက သူတို့က စစ်ဆင်ရေးတွေ လုပ်လာနိုင်သလားလို့ အဲဒါကို စိုးရိမ်နေရတာ။ အခုက သူတို့ရှိတဲ့နေရာက နေ့တိုင်းနေ့တိုင်းက လက်နက်ကြီးသံတွေ ကြားနေရတယ်။ နောက်ကျုံဒိုးဘက်က ပစ်လာတဲ့ လက်နက်ကြီးသံတွေ။ အဓိက အစိုးရိမ်ဆုံးက  လေယာဉ်ပဲ။ သူတို့က စစ်တပ်နဲ့ BGF နဲ့ ရွာကြားမှာတပ်စွဲထားတယ်” လို့ ပြောပါတယ်။

မွန်-ကရင်နယ်စပ်က ရွာတွေကို  ကရင်နယ်ခြားစောင့်တပ်(BGF)တပ်သားသစ်တွေကို အင်အားဖြည့်တင်းထားတာနဲ့ပတ်သက်ပြီး BGF တာဝန်ရှိသူတယောက်ကို DVB က ဆက်သွယ်မေးမြန်းရာ ဖြေဆိုဖို့ငြင်းဆိုခဲ့ပါတယ်။ BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်ကို ဆက်သွယ်မေးမြန်းရာမှာလည်း ဆက်သွယ်လို့မရခဲ့ပါဘူး။ 

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024