ဗီယက်နမ် အိမ်ခြံမြေလုပ်ငန်းရှင် ချုန်မီလန်ရဲ့ ဒေါ်လာ ၁၂ ဘီလီယံ လိမ်လည်မှုကိစ္စမှာ အလွဲသုံးစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေအတွက် ပြစ်ဒဏ်ချမှတ်မှုအပေါ် သူ့ရဲ့အယူခံဝင်မှုကို ပယ်ချလိုက်ပြီးနောက် ဒီဇင်ဘာ ၃ ရက်မှာ ဗီယက်နမ်တရားရုံးက ချုန်မီလန်ကို သေဒဏ်ချမှတ်လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ဗန်သင်န်ဖတ် ဦးပိုင်အုပ်စု အိမ်ခြံမြေလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ချုန်မီလန်ကို ဗီယက်နမ်နိုင်ငံရဲ့ အကြီးမားဆုံးသော ငွေကြေးလိမ်လည်မှုမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့ ဧပြီလမှာ သေဒဏ်ချမှတ်ခံခဲ့ရတာပါ။
ဟိုချီမင်းမြို့တောင်ပိုင်းရှိ ပြည်သူ့တရားရုံးက ချုန်မီလန်ရဲ့ သေဒဏ်ကို လျှော့ချပေးဖို့ လုံလောက်တဲ့ အထောက်အထား သို့မဟုတ် အချက်အလက်တွေ မရှိဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း အွန်လိုင်းသတင်းစာ VnExpress က ဖော်ပြခဲ့ပါတယ်။
ချုန်မီလန်ဟာ ကြိုးတိုက်မှာ အကျဉ်းကျနေချိန်မှာ သူ အလွဲသုံးစားလုပ်ထားတဲ့ ငွေကြေးပမာဏရဲ့ ၄ ပုံ ၃ ပုံကို ပြန်ပေးနိုင်မယ်ဆိုရင် ထောင်ဒဏ်တသက်တကျွန်းအထိ ပြစ်ဒဏ်လျှော့ချပေးနိုင်မယ်လို့လည်း သတင်းက ဆိုပါတယ်။
ချုန်မီလန်ဟာ “Blazing Furnace” လို့ သိကြတဲ့ ကွန်မြူနစ်နိုင်ငံ ဗီယက်နမ်ရဲ့ သက်တမ်းရှည်ကြာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုအရ ထောင်နန်းစံနေကြရတဲ့ အကျော်ကြားဆုံး စီးပွားရေးအမှုဆောင်တွေနဲ့ အစိုးရအရာရှိတွေထဲက တယောက် ဖြစ်ပါတယ်။
ချုန်မီလန်မှာ “သူ့အပြစ်ကို ဝန်ခံခြင်း၊ နောင်တရကြောင်း ပြသခြင်းနဲ့ အလွဲသုံးစား လုပ်ထားတဲ့ ငွေပမာဏရဲ့ တစိတ်တပိုင်းကို ပြန်လည်ပေးချေခြင်း” အပါအဝင် ပြစ်ဒဏ်ကို လျော့ပါး သက်သာစေတဲ့ အခြေအနေတွေ အများကြီးရှိကြောင်း ချုန်မီလန်ရဲ့ရှေ့နေက ပြောကြားချက်ကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအချက်တွေက ပြစ်ဒဏ်လျှော့ပေးဖို့ မလုံလောက်ဘူးလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
ချုန်မီလန်ဟာ ဗီယက်နမ်နိုင်ငံရဲ့ တရားရုံး စီရင်ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် တရားခွင် ပြန်လည်စစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအောက်မှာ ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုပိုင်ခွင့် ရှိနေပါသေးတယ်။
Source : Reuters