ဘေဂျင်းရဲ့ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တရုတ်လုံခြုံရေးကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ တပ်ဖြန့်ချထားသွားမယ့် အစီအစဉ်ဟာ တရုတ်နိုင်ငံသားတွေကို ပြည်တွင်းစစ်အတွင်းမှာ ကြားညပ်အောင် တွန်းပို့ပေးသလို ဖြစ်စေနိုင်ပြီး အသက်သေဆုံးစေနိုင်တဲ့ မတော်တဆမှုတွေနဲ့ သံတမန်ရေး အကျပ်အတည်းတွေ ဖြစ်လာစေနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သတိပေး ပြောကြားထားပါတယ်။
ဒါ့အပြင် လက်ရှိမှာ တရုတ်စီမံကိန်းနေရာ အတော်များများကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တရုတ်စီမံကိန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကို စည်းရုံးသိမ်းသွင်းရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်သွားရနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံဟာ သူ့ရဲ့ စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်ဖို့အတွက် မြန်မာစစ်ကောင်စီနဲ့ လုံခြုံရေးကုမ္ပဏီတခုကို ပူးတွဲတည်ထောင်သွားဖို့ စီစဉ်နေတဲ့အကြောင်း တရုတ်-မြန်မာ နှစ်နိုင်ငံ မီဒီယာတွေက မကြာသေးခင်က ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီကလည်း အဲဒီ ကနဦးအစပြုချက်အတွက် နားလည်မှုစာချွန်လွှာ မူကြမ်းရေးဆွဲရေး ကော်မတီတရပ်ကို ဩဂုတ် ၂၂ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။ ဘီဘီစီ မြန်မာပိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ ၄ ခု ရှိနှင့်နေပြီးဖြစ်ပြီး သူတို့ကတော့ လက်နက်ကိုင်ဆောင်ထားခြင်း မရှိဘူးလို့ သိရပါတယ်။
တရုတ်နဲ့ စစ်ကောင်စီကြား ပူးတွဲလုံခြုံရေးကုမ္ပဏီ ထူထောင်သွားရေး အဆိုပြုချက်ဟာ ဩဂုတ်လအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နိုဝင်ဘာလအစောပိုင်းက တရုတ်ခရီးစဉ်အပြီးမှာ ပေါ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။
South Australia တက္ကသိုလ်မှ အကြီးတန်းကထိက အဒမ်ဆင်ပ်ဆွန်က“လုံခြုံရေးမစ်ရှင် ဆောင်ရွက်နေတဲ့ တရုတ်ပုဂ္ဂလိက စစ်ဘက်ရေးရာ ကော်ပိုရေးရှင်းတွေကို မြန်မာနိုင်ငံမှာ ထားရှိမယ်ဆိုရင် တရုတ်နိုင်ငံသားတွေဟာ ပဋိပက္ခအတွင်းမှာ မြေစာပင် ဖြစ်လာနိုင်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ဘေဂျင်းရဲ့ လုပ်ရပ်တွေကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံသားတွေ သတ်ဖြတ်ခံရတာမျိုး ရှိလာနိုင်တယ်” လို့ ပြောပါတယ်။
နောက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးမှာလည်း ထိခိုက်မှုတွေ မလွဲမသွေ ရှိလာနိုင်တဲ့အပြင် တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိလာနိုင်ပြီး ပဋိပက္ခတွေ ပိုမို ရှုပ်ထွေးလာနိုင်တယ်လို့ ဆင်ပ်ဆွန်က သုံးသပ်ထားပါတယ်။
တရုတ်ပုဂ္ဂလိက လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ တပ်ဖြန့်ချထားမှုဟာ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်အကျိုးစီးပွားတွေကို အကာအကွယ်ပေးနိုင်စွမ်း မရှိတော့ဘူးဆိုတာ ဝန်မခံချင်ပေမဲ့ အောင့်သက်သက်နဲ့ ဝန်ခံလိုက်ရတဲ့သဘောလည်း ဖြစ်ပါတယ်။
မကြာသေးခင်လတွေအတွင်း စစ်ကောင်စီဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ မရှုမလှ ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး အခုအခါမှာတော့ နိုင်ငံရဲ့ နယ်မြေထက်ဝက်ကျော်ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တရုတ်နယ်စပ်အနီး မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ကံပိုင်တီမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ ကံပိုင်တီမြို့ဟာ တရုတ်-မြန်မာ နယ်စပ် အဓိက ကုန်သွယ်ရေးမြို့တမြို့ဖြစ်ပြီး မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်တွေ အဓိကတည်ရှိရာမြို့လည်း ဖြစ်ပါတယ်။ ကံပိုက်တီမြို့ကို လက်လွှတ် ဆုံးရှုံးခဲ့ရတဲ့အတွက် အခုဆိုရင် စစ်ကောင်စီဟာ တရုတ်နယ်စပ်မှာ မူဆယ်မြို့ တမြို့တည်းကိုသာ ထိန်းချုပ်ထားနိုင်တော့ပြီး မြေရှားသတ္တုကနေ ဒေါ်လာသန်းပေါင်းများစွာ ရရှိနေတဲ့ အကျိုးအမြတ်တွေကိုလည်း ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ တရုတ်လုံခြုံရေးကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ ထားရှိသွားမယ့် အစီအစဉ်ဟာ ပြည်တွင်းစစ် ၄ နှစ်နီးပါးကြာ ကာလမှာ အဆိုးရွားဆုံး ပျက်ကိန်းဆိုက်မှုတခု ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ဆင်ပ်ဆွန်က ပြောပါတယ်။
တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ကာကွယ်ဖို့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှာ တပ်စွဲသွားမယ့် တရုတ်လုံခြုံရေးကုမ္ပဏီတွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ကိုယ်ပွားတွေ ဖြစ်လာနိုင်မှုနဲ့ ပတ်သက်ပြီး အိန္ဒိယကလည်း သူ့ရဲ့ အမျိုးသားအကျိုးစီးပွားအပေါ် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်လာနိုင်ပါတယ်။ တရုတ်လုံခြုံရေးတပ်တွေ စခန်းချသွားမယ့်နေရာဟာ အိန္ဒိယရဲ့ ကာလကြာ ဆိုင်းငံ့ထားခဲ့တဲ့ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းနေရာနဲ့ နီးကပ်နေတာကြောင့် ဖြစ်ပါတယ်။
အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း သူတို့ရဲ့ နောက်ဖေးတံခါး လုံခြုံရေးအတွက် စိုးရိမ်ချက်တွေ ရှိလာနိုင်သလို ထိုင်းနိုင်ငံကလည်း အိမ်နီးချင်း မြန်မာနိုင်ငံမှာ တရုတ်လုံခြုံရေးတပ်တွေ ခြေချလာမယ့်အပေါ် စိတ်မသက်မသာ ဖြစ်လာနိုင်ပါတယ်။
“မြန်မာ့မြေပေါ်မှာ တရုတ်လက်နက်ကိုင်တပ်တွေ ခြေချမှုဟာ စစ်ရေးပဋိပက္ခကို မီးလောင်ရာ လေပင့် ဖြစ်စေနိုင်တဲ့ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ပြီး ဒေသတွင်း မတည်ငြိမ်မှုတွေ ပိုမို ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို ဥရောပသမဂ္ဂ (အီးယူ)နဲ့ အမေရိကန်တို့အနေနဲ့ အလေးအနက်ထား စဉ်းစားသင့်တယ်” လို့ ဆင်ပ်ဆွန်က တိုက်တွန်း ပြောဆိုထားပါတယ်။
တရုတ်လုံခြုံရေးတပ်တွေဟာ မြန်မာ့ပြည်တွင်းစစ်မှာ တိုက်ရိုက် ပါဝင်ပတ်သက်မှု မရှိဘူး ဆိုပေမဲ့ သူတို့တည်ရှိမှုဟာ စစ်ကောင်စီအတွက် စစ်ရေးဖိအားတွေ လျော့ကျစေနိုင်ပြီး တခြားဒေသတွေမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေကို အာရုံစိုက် တိုက်ခိုက်သွားဖို့ အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။
“တကယ်လို့ တော်လှန်ရေးအဖွဲ့တွေသာ တဖြည်းဖြည်းနဲ့ အာဏာရလာမယ်ဆိုရင် တရားမဝင် စစ်ကောင်စီကို အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ထောက်ပံ့ပေးနေတဲ့ တရုတ်ကိုလည်း သက်ညှာ ထောက်ထားနေမှာ မဟုတ်လောက်ဘူး” လို့ ဆင်ပ်ဆွန်က ခန့်မှန်း ပြောဆိုထားပါတယ်။
အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) မှ မြန်မာ့အရေးကျွမ်းကျွင်သူ ဂျေဆန် တာဝါကလည်း “တရုတ်လုံခြုံရေးတပ်တွေအနေနဲ့ သူတို့ကို စစ်ကောင်စီရဲ့ မဟာမိတ်တွေလို့ ရှုမြင်ထားတဲ့ တော်လှန်ရေး အင်အားစုတွေကို ဖျောင်းဖျပြီး တရုတ်စီမံကိန်းတွေ ပြန်စနိုင်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူနိုင်တဲ့အပြင် တရုတ်နဲ့ နှီးနွှယ်ရရှိနေတဲ့ စစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင်တွေကို ဖြတ်တောက်သွားဖို့ ရည်မှန်းထားတဲ့ တော်လှန်ရေးတပ်ဖွဲတွေ့နဲ့ ထိပ်တိုက်တွေ့မှုကနေ ရှောင်လွှဲနိုင်ဖို့ ဆိုတာကလည်း တကယ့်ကို ခက်ခဲနိုင်တယ်” လို့ ပြောပါတယ်။
တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ သတ္တုတွင်းလုပ်ငန်းတွေနဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွေလို တရုတ်အတွက် မဟာဗျူဟာမြောက် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စစ်ကောင်စီအနေနဲ့ ကာကွယ်ပေးနိုင်ဖို့ ရုန်းကန်နေရတယ်ဆိုတာ တရုတ်ကလည်း ကောင်းကောင်း နားလည်ထားပါတယ်။
ဒါကြောင့်ပဲ တရုတ်ဟာ သူ့ရဲ့ လုံခြုံရေးကုမ္ပဏီတွေကို ပြည်ပနိုင်ငံတွေမှာ ချဲ့ထွင်သွားဖို့အတွက် မြေစမ်းခရမ်းပျိုးတဲ့အနေနဲ့ မြန်မာနိုင်ငံကို တဖက်လှည့်နဲ့ စေလွှတ်သွားဖို့ ကြံစည်နေတာ ဖြစ်ပါတယ်။
ဒီလုံခြုံရေးတပ်တွေဟာ တရုတ် အစိုးရတပ်ဖွဲ့ PLA ကိုယ်စား တရုတ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပေမဲ့ တကယ်လို့ ပြဿနာနဲ့ အငြင်းပွားဖွယ်ရာ တစုံတရာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေးမှာ တိုက်ရိုက် ပါဝင်ပတ်သက်မှု မရှိတဲ့အကြောင်း၊ ဒီတပ်ဖွဲ့တွေဟာ ပုဂ္ဂလိက လုံခြုံရေးတပ်တွေ ဖြစ်တဲ့အတွက် အစိုးရနဲ့ မသက်ဆိုင်ကြောင်း ခေါင်းရှောင်နိုင်မှာလည်း ဖြစ်ပါတယ်။
ဂျေဆန်တာဝါကတော့ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက် အမြောက်အမြားကို စေလွှတ်လည်း ခါးပတ်တကွင်း လမ်းတစင်း BRI စီမံကိန်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံကို ကြည့်မယ်ဆိုရင်လည်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံသားတွေဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဩစတြေးလျနိုင်ငံရဲ့ Curtin တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းကလည်း တရုတ်လုံခြုံရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်နေတာ အချိန်အတော်ကြာ ရှိနေချိန်မှာ နောက်ထပ် လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့တွေ စေလွှတ်သွားဖို့ တရုတ်-မြန်မာ နှစ်နိုင်ငံကြား အစိုးရအဆင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးမှုဟာ အကြီးအကျယ် ဂယက်ရိုက်မှုတွေ ရှိလာနိုင်ကြောင်း ပြောပါတယ်။
လက်ရှိမှာ တရုတ်ရဲ့ အကျိုးစီးပွား အတော်များများဟာ တော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် ဘေဂျင်းအနေနဲ့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးလိုက်ရတာပဲ အဖတ်တင်ပြီး တကယ့်မြေပြင်မှာတော့ လုပ်ငန်းတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မှာ မဟုတ်တဲ့ အကြောင်း သူက ထောက်ပြပါတယ်။
တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက “အာဖရိကလို တခြားနိုင်ငံတွေမှာလည်း တရုတ်လုံခြုံရေးကုမ္ပဏီတွေ ဆောင်ရွက်နေတာရှိပေမဲ့ မြန်မာနိုင်ငံနဲ့ အခြေအနေချင်း မတူပါဘူး။ အခု မြန်မာနိုင်ငံမှာက ပြည်တွင်းစစ် ဖြစ်နေတဲ့ အချိန်ပါ။ ဒီလိုအချိန်မှာ တရုတ်ကုမ္ပဏီတွေ ဝင်ရောက်လာမယ့်ကိစ္စက ပြည်သူတွေကို ခြိမ်းခြောက်နေသလိုမျိုး စိုးရိမ်ခံစားရစေပါတယ်။ အခြေအနေ အချိန်အခါအရဆို လုံးဝကို မလာသင့်တဲ့ အချိန်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ပရောက် မြန်မာပြည်သူတွေကလည်း မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလုပ်ဖို့ စီစဉ်နေကြပါတယ်။ တကယ်လို့ အခုလိုအခြေအနေမျိုးမှာ တရုတ်လုံခြုံရေးကုမ္ပဏီတွေ ဝင်ရောက်လာခဲ့မယ်ဆိုရင် တရုတ်ဆန့်ကျင်ရေး သဘောထားတွေနဲ့ တရုတ်လူမျိုးတွေအပေါ် မြန်မာပြည်သူလူထုရဲ့ နာကြည်းမုန်းတီးမှုတွေကိုပဲ ကြီးထွားလာစေမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် “တရုတ်လုံခြုံရေးကုမ္ပဏီတွေ ဝင်ရောက်လာမှာကို ပြည်တွင်း ပြည်ပမှာရှိနေတဲ့ မြန်မာပြည်သူလူထုက မနှစ်မြို့ကြပါဘူး။ ဒါဟာ မြန်မာပြည်သူတွေရဲ့ ရပ်တည်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားအမှန်နဲ့ အသံတွေကို နားထောင်သွားစေချင်ပါတယ်” လို့ ဒေါ်ထွေးထွေးသိန်းက ပြောကြားထားပါတယ်။
မာရီယာစီယောင်
ဘာသာပြန် - ရာစုသစ်
Ref: SCMP