Home
မြန်မာသတင်း
မြန်မာက ရာသီဥတုပြောင်းလဲခြင်းဒဏ် ကိုင်တွယ်ဖြေရှင်းရန် အကူအညီတောင်းနိုင်သည့် အခြေအနေမရှိ
DVB
·
November 26, 2024

မြန်မာနိုင်ငံအနေနဲ့ အလျင်အမြန် ပြောင်းလဲနေတဲ့ ရာသီဥတုပြောင်းလဲတဲ့ဒဏ်ကို ကိုင်တွယ်ဖြေရှင်းဖို့  နိုင်ငံတကာဖွံ့ဖြိုးရေး အစီအစဉ်တွေကို အကူအညီတောင်းခံနိုင်တဲ့ အခြေအနေ မရှိဘူးလို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင်တွေက ထောက်ပြကြပါတယ်။

သဘာဝဘေးကျရောက်ခဲ့တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးငွေရရှိဖို့ ၂၉ ကြိမ်မြောက် ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ထိပ်သီးညီလာခံ COP 29 မှာ သဘောတူခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိနိုင်သေးဘူးလို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင်တွေက ထောက်ပြကြပါတယ်။

COP 29 ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက်ကနေ ၂၂ ရက်အထိ အဇာဘိုင်ဂျန်ရဲ့မြို့တော် ဘာကူမှာ ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေက နှစ်စဉ် ဒေါ်လာ ဘီလီယံ ၁၀၀ ထောက်ပံ့နေရာကနေ နှစ်စဉ် ဘီလီယံ ၃၀၀ အထိ တိုးမြှင့်အကူအညီပေးဖို့နဲ့ သဘာဝဘေးကျရောက်ခဲ့တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးငွေရရှိဖို့ကို ၂၀၂၅ ခုနှစ်ကစတင်ပြီး အကောင်အထည်ဖော်ဖို့ သဘောတူညီမှု ရခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီသဘောတူညီချက်တွေဟာ မြန်မာနိုင်ငံအတွက် အကျုံးဝင်ပေမဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကြောင့် အကျိုးခံစားခွင့်တွေကို ရယူဖို့ အာရုံမစိုက်နိုင်တဲ့အတွက် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင်  ဦးဝင်းမျိုးသူက ပြောပါတယ်။

သယံဇာတထုတ်လုပ်မှုကို အရင်ကတည်းက အလွန်အကျွံထုတ်ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ထိန်းကျောင်းလို့မရတဲ့ အခြေအနေရှိနေကာ ဒေသအာဏာပိုင်တွေနဲ့ပေါင်းပြီး တရားလက်လွတ်တူးတာတွေ ပိုများလာတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သယံဇာတတွေကို အလွန်အကျွံထုတ်ယူတာနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာကို ကာကွယ်ဖို့အတွက် သက်ဆိုင်ရာဒေသခံတွေ ကိုယ်တိုင် စီမံခန့်ခွဲခွင့်ရဖို့နဲ့ ရပ်ရွာလူမှုအဖွဲ့အစည်းတွေကို ပံ့ပိုးကူညီပေးဖို့ အရေးကြီးတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

သယံဇာတထုတ်ယူတာကို စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေက အများဆုံးပြုလုပ်ကြပြီး ဆိုးကျိုးတွေကိုတော့ ဒေသခံတွေက အများဆုံးခံကြရတယ်လို့လည်း ဆိုပါတယ်။

သယံဇာတထုတ်ယူမှုဟာ သဘာဝပတ်ဝန်းကျင်ကို ယိုယွင်းပျက်စီးစေသလို ရေအရင်းအမြစ်တွေကို ညစ်ညမ်းစေတာ၊ သစ်တောတွေကို ပျက်စီးစေတာတွေကြောင့် နောက်ဆက်တွဲ ရာသီဥတုဖောက်ပြန်မှု အန္တရာယ်တွေကိုပါ ရင်ဆိုင်ကြုံတွေ့လာနေရတယ်လို့ အရပ်ဘက်မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို အခံရဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်လာနေခဲ့တယ်လို့ ၂၀၂၃ ခုနှစ်က ယူအေအီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဉတုဆိုင်ရာ ထိပ်သီးညီလာခံ COP28 မှာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေက ပြောဆိုခဲ့ဖူးပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကစပြီး လက်ရှိအချိန်ထိ ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ထိပ်သီးညီလာခံတွေကို မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်တွေ တယောက်မှ တက်ခွင့်မရသေးပါဘူး။

စစ်ကောင်စီအနေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာကို ထိန်းသိမ်းကာကွယ်ဖို့နဲ့ ကူညီ ကယ်ဆယ်ရေးတွေအတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်နိုင်တာမရှိဘဲ အရပ်ဘက်အဖွဲ့အစည်း တွေကသာ ကိုယ်ထူကိုယ်ထ တတ်နိုင်သလောက် လုပ်ကိုင်နေကြရပါတယ်။

လင်းအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013