Home
ဆောင်းပါး
မြန်မာဟာ အာဆီယံအတွက် ဆူးငြောင့်ခလုတ် ဖြစ်လာနေပြီလား
DVB
·
November 25, 2024

မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်မှာ ဆူးငြောင့်ခလုတ်အနေနဲ့ ဆက်ရှိနေနိုင်ပြီး မြန်မာစစ်ခေါင်းဆောင်အနေနဲ့ သူ့ရဲ့ ကိုယ်ကျိုးအတွက် အာဆီယံကို ခုတုံးမလုပ်ဖို့ စင်ကာပူကာကွယ်ရေးဝန်ကြီး အန်ငင်ဟန်းက နိုဝင်ဘာလ ၂၀ ရက်နေ့က လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်းမှာ ကျင်းပခဲ့တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) မှာ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ မဟုတ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အမေရိကန်၊ ဂျပန်၊ နယူးဇီလန်၊ ဩစတြေးလျနဲ့ တောင်ကိုရီးယား စတဲ့ ဆွေးနွေးဖက်နိုင်ငံ ၈ နိုင်ငံနဲ့ ADMM တို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးကိစ္စမှာ စစ်ကောင်စီက တဖက်သတ် ကန့်ကွက်ခဲ့တဲ့အတွက် ADMM ဟာ ရှေ့ဆက်လို့မရဘဲ ချောင်ပိတ်မိနေတယ်လို့ စင်ကာပူကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ဘုံသဘောတူညီချက်အပေါ် အခြေခံထားတဲ့ ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်ကြောင့် အာဆီယံဟာ ကိုယ့်ရှူးကိုယ်ပတ် ဆိုသလို မိတ်ဖက်နိုင်ငံတွေနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးမှာ ရှေ့ဆက်လို့မရဘဲ ဖြစ်နေတာပါ။

ကာကွယ်ရေးဝန်ကြီး အန်ငင်ဟန်းက “စစ်ကောင်စီရဲ့ ကန့်ကွက်တဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး စိုးရိမ်မိပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်မှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီအနေနဲ့ သူ့ကိုယ်ကျိုးအတွက် တလွဲအသုံးမချသင့်ပါဘူး။ ပြီးတော့ လက်စားချေ နိုင်ငံရေးကို ဒေသတွင်း ဆွေးနွေးပွဲတွေမှာ ဆောင်ကြဉ်းမလာသင့်ပါဘူး။ ဒါဟာ အာဆီယံရဲ့ လုပ်ကိုင်နိုင်စွမ်းကို အခက်တွေ့စေပါတယ်။ နောက်လာမယ့်နှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အနေနဲ့ ဆောင်ရွက်သွားရမယ့် မလေးရှားနိုင်ငံဟာလည်း ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းသွားရနိုင်တယ်” လို့ ပြောပါတယ်။

စင်ကာပူ ကာကွယ်ရေးဝန်ကြီး သုံးနှုန်းပြောဆိုခဲ့တဲ့ လက်စားချေနိုင်ငံရေး ဆိုတာကတော့ စစ်ကောင်စီဟာ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ လူရာအသွင်းမခံရမှုကိစ္စ အပါအဝင် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့နဲ့ အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတချို့က သူ့အပေါ် ဝေဖန် ပြစ်တင်ပြောဆိုမှုတွေနဲ့ ဖိအားပေးမှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အာဆီယံရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ ကန့်လန့်တိုက်နေတဲ့ သဘောမျိုး ရည်ရွယ်ပြောဆိုသွားခဲ့တာ ဖြစ်နိုင်ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီ အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံနဲ့ အာဆီယံတို့ကြား သဘောထားကွဲလွဲမှုတွေဟာ ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဆက်လက်ဖြစ်စေနိုင်ပြီး ဒေသတွင်း ပြင်ပအင်အားကြီးနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံရာမှာနဲ့ ဒေသတွင်း ဘုံစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အဓိက ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အာဆီယံရဲ့ ဗဟိုကျမှုကို ဆုတ်ယုတ် ထိခိုက်စေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

စင်ကာပူနိုင်ငံရဲ့ S.Rajaratnam နိုင်ငံတကာလေ့လာရေးကျောင်းမှ သုတေသီ မိုဟာမက် ဖေဇယ် ဘင် အဗ္ဗဒူရာမန်က “နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ အချုပ်အခြာအာဏာကို ကြားဝင် မစွက်ဖက်ရေး အာဆီယံရဲ့ မူဝါဒတွေကြောင့် မြန်မာဟာ အဖွဲ့အစည်းအတွက် ဆူးငြောင့်ခလုတ်တခုလို ဖြစ်စေပြီး ဒီမူဝါဒတွေကြောင့်ပဲ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ရေး အာဆီယံရဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီက မလိုက်နာဘဲ ခေါင်းရှောင်နေနိုင်တာ” လို့ ပြောပါတယ်။

နောက်ပြီး အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးနဲ့ ဒီဂျစ်တယ် ကာကွယ်ရေးတို့လို အာဆီယံ အဖွဲ့အစည်းအတွင်း နိုင်ငံပေါင်းစုံပါဝင်တဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ မြန်မာကို ပါဝင်ခွင့်ပြုခဲ့မယ် ဆိုရင်လည်း စစ်ကောင်စီဟာ အဲဒီကနေရရှိတဲ့ နည်းပညာနဲ့ အတွေ့အကြုံတွေကို မြန်မာပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးမှာ အသုံးပြုတာထက် ဖိနှိပ်ရာမှာ အသုံးချသွားနိုင်တာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ဆိုတာဟာလည်း အခက်တွေ့နိုင်တယ်လို့ သူက ဆိုပါတယ်။

“မြန်မာရဲ့ အပြုအမူဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ အပတ်တကုတ် ကြိုးပမ်းအားထုတ်ခဲ့ရတဲ့ အာဆီယံရဲ့ ဗဟိုကျမှုပုံရိပ်ကို မှေးမှိန်စေခဲ့ပြီး အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) အပေါ် အများယုံကြည်ကိုးစားမှုကို ဆုံးရှုံးရနိုင်တယ်” လို့ နိုဝင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြောဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုဖို့နဲ့ နိုင်ငံရေးအရ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တဦးကိုသာ တက်ရောက်ခွင့်ပြုဖို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ အာဆီယံက ဆုံးဖြတ်ချက် ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးမှာ အာဆီယံခေါင်းဆောင်တွေဘက်ကလည်း ၃ နှစ်ကျော်ကြာ ကာလအထိ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခြင်းမရှိတဲ့ ဘုံသ‌ဘောတူညီချက် ၅ ရပ်ကိုပဲ ဆက်လက်အကောင်အထည်ဖော်သွားဖို့ စိတ်ပိုင်းဖြတ်ထားသလို စစ်ကောင်စီဘက်ကလည်း ဒီတောင်းဆိုချက်တွေကို မျက်ကွယ်ပြုထားဆဲ ဖြစ်ပါတယ်။

S. Rajaratnam နိုင်ငံတကာ လေ့လာရေးကျောင်းမှ အကြီးတန်းသုတေသီ အယ်လန်ချောင်ကလည်း “စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် အင်အားအလွန်အကျွံသုံးပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတာပါ။ ဒါဟာ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးကို အလေးပေးတဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး စတဲ့ အာဆီယံရဲ့ စံတန်ဖိုးတွေကို ချိုးဖောက်ရာ ရောက်နေတယ်” လို့ ပြောပါတယ်။

ဒါတင်မက စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး၊ ပင်လယ်ဓားပြမှု တိုက်ဖျက်ရေး ပူးတွဲကင်းလှည့်စစ်ဆေးမှုနဲ့ စစ်ဘက်ရေးရာ ဆေးဝါးထောက်ပံ့မှုကိစ္စတို့ အပါအဝင် လူသားဘေးကင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဖော်ဆောင်သွားဖို့နဲ့ စစ်မက်ဖြစ်ပွားမှုကို ကြိုတင်ကာကွယ် တားဆီးနိုင်ဖို့အတွက် အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေကြားမှာ စစ်ဘက်ဆိုင်ရာ ယုံကြည်မှု တည်ဆောက်သွားဖို့ ရည်မှန်းထားတဲ့ ADMM ရဲ့ ကြိုးပမ်းချက်တွေနဲ့လည်း လုံးဝကို သွေဖည်နေတယ်လို့ သုတေသီ ချောင်က ထောက်ပြပါတယ်။

အလားတူ စင်ကာပူ လူမှုရေးသိပ္ပံတက္ကသိုလ်မှ လုံခြုံရေး လေ့လာရေးအစီအစဉ် ဌာနကြီးမှူးလည်းဖြစ်၊ တွဲဖက်ပါမောက္ခတဦးလည်းဖြစ်တဲ့ အန်တိုနီယို ရက်ပါကလည်း ဒီမိုကရေစီစံနှုန်းတွေကို လေးစားလိုက်နာမှုမရှိမှုနဲ့ လူ့အခွင့်အရေးနဲ့ လူသားတွေရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ချိုးဖောက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် မြန်မာဟာ အာဆီယံအတွက် စိန်ခေါ်မှုတခုလို ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

“စင်ကာပူကာကွယ်ရေးဝန်ကြီး ပြောဆိုခဲ့သလို မြန်မာစစ်ကောင်စီဟာ လက်စားချေနိုင်ငံရေးကို တနည်းနည်းနဲ့ ဆက်ပြီး အသုံးချနေမယ်ဆိုရင် အာဆီယံရဲ့ ဗဟိုကျမှုကို ခြိမ်းခြောက်လာနိုင်ပါတယ်။ အာဆီယံအနေနဲ့ ဒီကိစ္စထက် ပိုပြီးစိုးရိမ်သင့်သလို လေးလေးနက်နက် မေးခွန်းထုတ်ရမယ့် အချက်က စစ်ကောင်စီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ဆက်ဆံရေး အခြေအနေနဲ့ အနာဂတ် မြန်မာ့အရေးမှာ တရုတ်က အခုထက်ပိုပြီး ဘယ်လောက်အတိုင်းအတာအထိ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာနိုင်သလဲဆိုတဲ့ အနေအထားတွေ ဖြစ်တယ်” လို့ အန်တိုနီယိုက ပြောပါတယ်။

ဒါ့အပြင် မိုဟာမက် ဖေဇယ်ကလည်း “မြန်မာ့အကျပ်အတည်းဟာ ဒေသတွင်း လုံခြုံရေးနဲ့ အာဆီယံရဲ့ ဗဟိုကျမှုကို ခြိမ်းခြောက်နေပေမဲ့လို့ စစ်ကောင်စီအနေနဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလက သဘောတူညီခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာဟာ တရုတ်နဲ့ ရုရှားတို့လို ပြင်ပ အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးချုပ်ကိုင် ခြယ်လှယ်မှုတွေနဲ့ နိုင်ငံရေးအရ နောက်ကွယ်ကနေ ကူညီပံ့ပိုးပေးနေတာတွေကြောင့် ဖြစ်နိုင်တယ်” လို့ သူ့ရဲ့ ထင်မြင်ယူဆချက်ကို ပြောပြခဲ့ပါတယ်။

“ဒီအင်အားကြီးနိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ် သူတို့ရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ သံတမန်ရေးဆိုင်ရာ လွှမ်းမိုးမှုတွေကို အသုံးချပြီး မြန်မာ့အရေး အဖြေရှာရေးမှာ အာဆီယံနိုင်ငံတွေထက် ပိုမိုဩဇာသက်ရောက်မှု ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပထဝီနိုင်ငံရေး အနေအထားနဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေအရ မြန်မာနိုင်ငံနဲ့ ဆက်ဆံနေပြီး ကိုယ့်ရဲ့ ကိုယ်ကျိုးကိုပဲ အမြဲရှေ့တန်းတင်လေ့ရှိတဲ့ သူတို့ရဲ့ ချဉ်းကပ်မှုတွေဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ပေါင်းစည်းရေးကို ဦးစားပေး ထည့်တွက်တဲ့ အာဆီယံရဲ့ စိုးရိမ်ချက်တွေနဲ့ ဘယ်လိုမှ တထပ်တည်းကျနိုင်မှာ မဟုတ်ဘူး” လို့ မိုဟာမက် ဖေဇယ်က ခန့်မှန်း ပြောဆိုထားပါတယ်။

ကျင်းလျူ

ဘာသာပြန်- ရာစုသစ်

Source: South China Morning Post

(South China Morning Post သတင်းဝက်ဆိုက်မှာ  Jean Iau ရေးသားထားတဲ့ “Is Myanmar a threat to Asean centrality?” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024