Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၄ သန်းရှိလာဟု UNOCHA ထုတ်ပြန်
DVB
·
November 27, 2024
UNOCHA_27112024

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က နိုင်ငံတဝန်း နေရပ်စွန့်ခွာသူ ၃ ဒသမ ၄ သန်း ရှိလာပြီလို့ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အရပ်သားပြည်သူတွေ စံချိန်တင်များပြားလာနေတယ်ဆိုပြီး နိုဝင်ဘာလ ၂၇ ရက်နေ့က အခုလို ထုတ်ပြန်ခဲ့တာပါ။

ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေက လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရမှာဖြစ်ပြီး၊ အရပ်သားပြည်သူတွေဆီ လူမှုဘဝ ကယ်ဆယ်ရေး အကူအညီတွေ ရောက်ရှိဖို့ ရှုပ်ထွေးတဲ့ ကန့်သတ်ချက်တွေ ဖယ်ရှားပေးဖို့ လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်က တိုက်တွန်းထားပါတယ်။

ထုတ်ပြန်ချက်အရ ၁၈ ဒသမ ၆ သန်းသော လူဦးရေဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပြီး ၂၀၂၄ ခုနှစ် အစကနေ စက်တင်ဘာလကုန်အထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ လူဦးရေ ၃ သန်းနီးပါးကိုသာ အကူအညီပေးနိုင်ခဲ့တာဖြစ်ပြီး လူဦးရေ ၅ ဒသမ ၃ သန်းကို အကူအညီပေးဖို့ ရည်ရွယ်ထားပေမဲ့ ရန်ပုံငွေရရှိမှု အလွန်အမင်းနည်းပါးခဲ့တာကြောင့် အပြည့်အဝ မကူညီနိုင်ခဲ့ဘူးလို့ ဖော်ပြပါရှိပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းကို ရောက်ရှိလာပေမဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေး လုပ်ငန်းစီမံချက်အတွက် ရန်ပုံငွေ ၃၄ ရာခိုင်နှုန်းပဲ ရရှိသေးတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအတွက် အရေးပေါ်အကူအညီတွေပေးဖို့ အများကြီး ထိခိုက်ရတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါသေးတယ်။ 

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013