Home
မြန်မာသတင်း
စားအုန်းဆီရည်ညွှန်းဈေး ဆက်တိုက်မြင့်တက်၊ ဈေးကွက်အတွင်း ကျပ် ၁၀,၀၀၀ ကျော် ပေးဝယ်နေရ
DVB
·
December 2, 2024

စားအုန်းဆီရည်ညွှန်းဈေးတွေ ဆက်တိုက်မြင့်တက်နေပြီး ဈေးကွက်ထဲမှာ စားအုန်းဆီကို ၁၀,၀၀၀ ကျော်ဈေးနဲ့ ပြန်လည်ဝယ်ယူ စားသုံးနေရတယ်လို့ ပြည်သူတွေဆီကနေ သိရပါတယ်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးတွေ ဆက်တိုက်မြင့်တက်နေပြီး အခြေခံလူတန်းစားတွေအနေနဲ့ ဈေးကွက်ထဲမှာ စားအုန်းဆီကို ဝယ်ယူလို့မရဘဲ ရပ်ကွက်ရုံးကပေးတဲ့ စားအုန်းဆီကို တပိဿာ ၁၀,၀၀၀ ကျော်နဲ့ ပြန်လည်ဝယ်ယူ စားသောက်နေရတာပါ။

ရပ်ကွက်ရုံးက ဆီထုတ်ရမယ့်စာအုပ်နဲ့သာ ရောင်းချပေးတာဖြစ်ပြီး ဆီဆိုင်တွေအနေနဲ့ ပုံမှန်အတိုင်း ရောင်းပေးဖို့ ဆီမရှိကြောင်း ဆီလက်ကားဆိုင်ကြီးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ပထမတုန်းက ၇,၆၀၀၊ ၇,၈၀၀၊ တခါတလေ ၇,၅၀၀၊ သူက တခါမှ ပုံမှန်မရှိဘူး။ ကျတဲ့အခါ ၅၀ လောက်ပဲ ကျတယ်။ အပြင်မှာ အခုလည်း လုံးဝသွားဝယ်လို့မရဘူး၊ ဘယ်မှာမှ ဝယ်မရတာ၊ စားအုန်းဆီကို မရှိတာ။ ဆိုင်တွေမှာလည်း မရောင်းဘူး။ သူတို့ အစိုးရကနေ ထုတ်ဖို့ပေးထားတဲ့ဟာကို ကတ်ပြားတွေနဲ့ထုတ်တာတို့ ခွဲတမ်းနဲ့လာထုတ်တာပဲ အဲဒါပဲရှိတယ်၊ ရောင်းဖို့အပိုမရှိဘူး။”

စားအုန်းဆီကို ပြီးခဲ့တဲ့တပတ်က တပိဿာကို ၇,၈၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းသတ်မှတ်ဈေးက ရန်ကုန်အထိုင်အတွက် နိုဝင်ဘာ ၁၀ ရက်ကနေ ၁၇ ရက်ထိ တပိဿာကို ၆,၆၃၅ ကျပ်ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁ ရက်ထိ ၇,၂၈၀ ကျပ်ထိ တက်ခဲ့ပါတယ်။

အိမ်ထောင်စုတခုအတွက် တပတ်ကို ဆီ ၅၀ ကျပ်သား ရောင်းချပေးနေပြီး ဈေးကွက်ထဲ စားအုန်းဆီ ဝယ်မရတဲ့အတွက် ပြန်ရောင်းချတာကို တပိဿာ တသောင်းခွဲအထိ ပေးဝယ်နေရကြောင်း အိမ်ရှင်မတယောက်ကလည်း ပြောပါတယ်။

“အမြဲတမ်း ကျသွားတယ်ဆိုတာ မရှိဘူး၊ တက်နေတယ်။ တက်တဲ့အပြင်ကို သူတို့ကို ပိုပိုပြီး ပေးခဲ့ရသေးတယ်။ ၅၀ သားကလည်း ပြည့်တောင်မပြည့်ဘူး၊ ၄၅ ကျပ်သားလောက်ပဲရှိတယ်။ အလေးတွေကလည်းခိုးတယ်။ အဲဒါကိုပဲ ဝယ်ပြီး သုံးနေကြရတာ။ ဆီက ဈေးထဲမှာ ဝယ်လို့မရဘူး၊ ဘယ်မှာမှ စားအုန်းဆီမရောင်းဘူး။ သူတို့ တပတ်တခါ ရောင်းတဲ့ဟာပဲ ထုတ်ပြီးယူရတာ။ တပတ်တခါလည်း ၅၀ သားပဲရတယ်။ တကယ်လို့ အပြင်မှာ ဝယ်လို့ရှိလို့ရှိရင် ဈေးက ၁၀,၀၀၀၊ တချို့က ၁၀,၀၀၀ နဲ့ရောင်းတယ်၊ တချို့က ၁၂,၀၀၀၊ ၁၅,၀၀၀ ထိ ရောင်းတယ်။”

ပဲဆီဈေးက တပိဿာကို ၁၇,၀၀၀ ကနေ ၂၀,၀၀၀ ကြား ပေါက်ဈေးရှိနေတဲ့အတွက် အခြေခံပြည်သူတွေ အနေနဲ့က စားအုန်းဆီကိုပဲ အားထားပြီး စားသုံးနေကြတာ ဖြစ်ပါတယ်။

စားအုန်းဆီဈေးတက်ရတာက စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့နေတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက ၂၀၂၄ ဧပြီလက စတင်ပြီး ရာသီဥတု သက်ရောက်မှုတွေကြောင့် ထွက်ရှိမှုတွေ ကျဆင်းပြီး ထုတ်လုပ်မှုတွေ လျော့နည်းလာတာကြောင့်နဲ့ တရုတ်နဲ့ အိန္ဒိယတို့က ဝယ်လိုအား မြင့်တက်လာတာတွေ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားအုန်းဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013