Home
မြန်မာသတင်း
ရန်ကုန်တွင် စားအုန်းဆီမှောင်ခိုဈေးကွက် ကြီးထွားလာ
DVB
·
November 27, 2024

ရန်ကုန်မြို့က ရပ်ကွက်တိုင်းမှာ စားအုန်းဆီမှောင်ခိုဈေးကွက် တဖြည်းဖြည်း ကြီးထွားလာနေပြီး တပိဿာကို ကျပ် ၁၀,၀၀၀ နဲ့ ပြန်ရောင်းနေကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ရန်ကုန်က ရပ်ကွက်တွေမှာ တပတ်ကိုတကြိမ် စာအုပ်နဲ့ ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေတဲ့ စားအုန်းဆီကို အမြတ်ပေးပြီး ပြန်လည်ဝယ်ယူတာတွေ များလာတဲ့အတွက် စားအုန်းဆီတပိဿာကို ကျပ် ၁၀,၀၀၀ အထက်မှာပဲ ဝယ်ယူစားသုံးနေရပြီး အရေးယူဆောင်ရွက်မှု မရှိကြဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အင်းစိန်မြို့နယ်မှာ နေသူတယောက်က “တချို့ လက်လုပ်လက်စား ပြည်သူတွေက ၃,၀၀၀ လောက် အမြတ်ရတယ်ဆိုရင် ပြန်ရောင်းကြတာပဲ။ တချို့ကကျတော့ ဝယ်သူနဲ့ တခါတည်းချိတ်ထားပြီးသား။ တပတ်ကို တပိဿာရတယ်။ တလဆိုရင် ၄ ပိဿာပေါ့။ အဲဒါကို တချို့က တလစာအပြတ် ၄၀,၀၀၀ နဲ့ ကြိုရောင်းတယ်။ ဆီပေးတဲ့အချိန် တန်းစီပြီး ဝယ်လက်ဆီ သွားပေးလိုက်ရုံပဲ။ ရပ်ကွက်တိုင်းလိုလိုမှာ အဲဒီလိုဖြစ်နေတာ။ မြို့ထဲပိုင်းတော့ မသိဘူး” လို့ ပြောပါတယ်။

ဩဂုတ်နဲ့ စက်တင်ဘာလကစပြီး စားအုန်းဆီဈေးနှုန်းတွေ တည်ငြိမ်စေဖို့၊ ဈေးကစားတာတွေ မဖြစ်စေဖို့ အရင် သမဝါယမစနစ်အတိုင်း စာအုပ်နဲ့ တန်းစီဝယ်ယူစေတဲ့ စနစ်ကို ပြောင်းလဲခဲ့ပေမဲ့ ပြင်ပစားအုန်းဆီဈေးနှုန်းတွေဟာ ကျဆင်းတာမရှိဘဲ မြို့နယ်အပေါ်မူတည်ကာ ကျပ် ၁၅,၀၀၀ အထက်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

သမဝါယမစနစ်လို ပြောင်းလဲပေမဲ့ စားအုန်းဆီဈေးနှုန်းတွေ ကျဆင်းတာမျိုး မရှိတာဟာ စစ်တပ်ရဲ့ ဈေးကွက်လက်ဝါးကြီးအုပ်မှုတွေကြောင့်ဖြစ်ပြီး မှောင်ခိုဈေးကွက်ဟာ ဆက်ရှိနေမှာဖြစ်သလို စားအုန်းဆီရည်ညွှန်းဈေးတွေ ဆက်တက်ဖို့သာ ရှိတယ်လို့ စားအုန်းဆီ အရောင်းကိုယ်စားလှယ်တယောက်က သုံးသပ်ပါတယ်။

“မှောင်ခိုဈေးကွက်ကတော့ ရှိမှာပဲ။ သူတို့က ကြိုက်ရောင်း ကြိုက်ဝယ်ကိုး။ ဖမ်းမယ်ဆိုရင်တော့ အမြတ်ပေးဝယ်နေတာ သူပါဆိုပြီး လက်ညိုးထိုး ဖမ်းခိုင်းမှရမယ်။ ဘီယာဆိုင်၊ ထမင်းဆိုင်တဆိုင်ကို တပတ် ဆီတပိဿာပဲ ရမယ်ဆိုရင် အဲဒီဆိုင်တွေ ဘယ်လိုရောင်းမလဲ၊ ဝယ်လိုအားနဲ့ ရောင်းနိုင်တာ မမျှတော့ မှောင်ခိုဈေးကွက်ဖြစ်တာ မဆန်းပါဘူး။ ထိန်းချုပ်ဖို့လည်း မလွယ်ပါဘူး။ တခြားမကြည့်နဲ့ သူတို့သတ်မှတ်တဲ့ ရည်ညွှန်းဈေးတောင် တလကျော်အတွင်း တထောင်လောက် ဈေးထပ်တက်သွားပြီလေ။”

ဩဂုတ်လနဲ့ စက်တင်ဘာလ ပထမအပတ်အထိ စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးဟာ ကျပ် ၆,၀၀၀ ကျော်သာ ရှိခဲ့ပေမဲ့ နိုဝင်ဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကတော့ တပိဿာ ၇,၂၈၀ ကျပ် ဖြစ်တယ်လို့ စားအုန်းဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း ကြီးကြပ်မှုကော်မတီက နိုဝင်ဘာ ၂၅ ရက်မှာ ကြေညာထားပါတယ်။

အဆိုပါကော်မတီက ရည်ညွှန်းဈေးတွေ ထုတ်ပြန်ချိန်မှာ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ မသမာတဲ့လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ ကြေညာပေမဲ့ အရေးယူမှု တစုံတရာတော့ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013