ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲက လင်ဖုံလေးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၅ ရက်ကြာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင် သတင်းရင်းမြစ်ဆီက သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက်ကစပြီး ဒီနေ့ ၃၀ ရက်အထိ စစ်ကောင်စီတပ်က အင်အားတွေထပ်တိုးထားပြီး တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
မြေပြင်သတင်းရင်းမြစ်တယောက်က “တိုက်ပွဲကပြင်းထန်နေတယ်။ လေယာဉ်နဲ့လည်း ပစ်ကူတယ်။ လက်နက်ကြီးလည်းပစ်တယ်။ အိမ်တွေမီးလောင်တာ ဝေးဝေးက တွေ့ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့လမ်းမှာ တော်လှန်ရေးအင်အားစုက ကြားဖြတ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပြီး လက်နက် ၂၂ လက်လည်း ဆုံးရှုံးခဲ့ရတာကြောင့် အထိနာနေတဲ့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အနီးနားပတ်ဝန်းကျင်ကနေအိမ်တွေကို စစ်ကောင်တပ်က မီးရှို့ဖျက်ဆီးနေသလို ဘာသာရေးအဆောက်အအုံပျက်စီးတာ၊ နေအိမ်ပျက်စီးတာနဲ့ ပြည်သူထိခိုက် ဒဏ်ရာရတာတွေလည်းရှိပြီး အရေအတွက်အတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်နီနဲ့ ရှမ်းပြည်နယ်စပ်က ဖယ်ခုံမြို့နယ်အနီးနားမှာလည်း နေ့တိုင်းနီးပါး လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ နိုဝင်ဘာလ နောက်ဆုံးအပတ်အတွင်း ပြည်သူ ၆ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။