Home
မြန်မာသတင်း
မင်းတုန်းမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်အထိနာပြီး လေကြောင်းမှတိုက်ခိုက် 
DVB
·
November 28, 2024
Photo-သရက်ခရိုင်တပ်ရင်း ၄

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြိုးဝကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက် မနက် ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီအင်အား ၁၀၀ နီးပါးပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့နေ့ နေ့လယ်ပိုင်းကနေကစတင်ကာ စစ်တပ်က ဂျက်တိုက်လေယာဉ် ၃ စီး နဲ့ MI 35 အပြင် တိုက်ခိုက်ရေးလေယာဥ်တွေနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

သရက်ခရိုင်တပ်ရင်း ၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်က “သူတို့စစ်ကြောင်းက ၁၈ ရက်က တည်းက ငှက်ပျင်း၊ မြောက်ပြင်၊ ကြိုးဝရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာကို သူတို့စခန်းချရာနေ ရာနားအထိကပ်ပြီးအလစ်ဝင်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က သေတာ ၃၀ လောက်ရှိမှာဗျ။ မြေပြင်ရဲဘော်တွေက အတည်ပြုပေးတာပေါ့နော်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းကတော့ဆုတ်ပြေးသွားပြီး ဒဏ်ရာရတဲ့သူတွေ သရက်ဆေးရုံမှာ ရောက်နေကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီးကတည်းက  ဒီနေ့ နိုဝင်ဘာ ၂၈ ရက်အထိ လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်နေတယ်လို့လည်း ပြောပါတယ်။

အဆိုပါတိုက်ပွဲကနေ တောင်တွင်းကြီး ကပစ ၁၈ တပ်က တပ်ကြပ်အဆင့်ရှိတဲ့ စစ်သုံ့ပန်း တယောက်ကို အရှင်ဖမ်းမိထားပြီး ရှေ့တန်းစခန်းက လုံခြုံတဲ့တနေရာမှာရောက်ရှိနေတဲ့အတွက် စစ်ဆေးမေးမြန်းမှုတွေ မလုပ်ရသေးဘူးလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်းကနေ MA 1 ၃ လက်၊ MA 3 ၄ လက်၊ MA 15 ငါးကြင်းမြီးစက်လတ် ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ကင်းထောက်ဒရုန်း ၁ စီး၊ တိုက်ခိုက်ရေးဒရုန်း ၁ စီး၊ MA ကျည်တောင့် ၁၈၀၀ နီးပါး၊ ငါးကြင်းမြီးကျည်အတောင့် ၄၅၀ နီးပါး၊ ၆၀ မမ ဗုံးသီး ၇ လုံးနဲ့ ပြည်သူတွေဆီကနေခိုးယူလာတဲ့ ရွှေလက်ကောက် ၃ ကွင်းတို့ကို သိမ်းဆည်းရရှိခဲ့ပြီး ရွှေလက်ကောက် ၃ ကွင်းကိုတော့ မူလပိုင်ရှင်တွေကိုစုံစမ်းပြီး ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း သရက်ခရိုင်တပ်ရင်း ၄ ဘက်က ရဲဘော် ၂ ဦး မစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့ကြ တဲ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၂ ဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013