Home
မြန်မာသတင်း
ရှမ်းတောင်တွင် စစ်ကောင်စီတပ်နှင့် PNLA တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၃၀ ကျော် သေဆုံး
DVB
·
November 28, 2024
Photo-PNLA

ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထိန်းချုပ်ရာ နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက စစ်ကြောင်းထိုးလာတာကြောင့် တပတ်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၁ ယောက် သေဆုံးခဲ့တယ်လို့ PNLA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နိုဝင်ဘာ ၂၀ ရက်ကစပြီး ဒီနေ့အထိ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တွေနဲ့ PNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ PNO တွေက ပအိုဝ်း ရဟန်းသံဃာတွေ၊ ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို ပစ်ပယ်ပြီး PNLA ထိန်းချုပ်နယ်မြေတွေကို စစ်ကြောင်းထိုးလာတာကြောင့် မောက်မယ်မြို့နယ် ဟိုနမ့်ဒေသမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

PNLA ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက “တိုက်ပွဲက နေ့စဥ်ဖြစ်ပွားနေပါတယ်။ အဓိကကတော့ ကျနော်တို့နေနေတဲ့ နေရာတွေကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အတည်ပြုရသလောက်ကတော့ စစ်ကောင်စီနဲ့ လက်ပါးစေ ပြည်သူ့စစ်ဘက်က သေဆုံးတာ ၃၁ ယောက်ပေါ့နော်။ အရပ်သား ထိခိုက်ပျက်စီးတာက အတည်မပြုနိုင်သေးပါဘူး” လို့ ပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း ​စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲချတာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးရတာ၊ ပြည်သူတွေ ထိခိုက်မိတာရှိပေမဲ့ အရေအတွက် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်မှာ မောက်မယ်မြို့နယ် ဟိုနမ့်ဒေသတောင်ဘက်က PNLA ရဲ့ တပ်စခန်းကို စစ်ကောင်စီတပ်နဲ့ PNO က ထိုးစစ်ဆင်တိုက်ခိုက်ပြီး အနီးပတ်ဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက်မှာလည်း ဆိုက်ခေါင်-ဟိုနမ့် ပွန်ချောင်းတံတားကို စစ်ကောင်စီဘက်က လေကြောင်းကနေ ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပွန်ချောင်းတံတားအနီးမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ကာ ဒီနေ့အထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013