ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းက အုတ်ဖိုမြို့နယ် ပဲခူးရိုးမအစပ်နားရှိ ကျေးရွာတွေမှာ တောဆင်ရိုင်းတွေ ဝင်ရောက်သောင်းကြမ်းမှုကြောင့် ပြည်သူ ၃ ယောက် သေဆုံးပြီး စိုက်ခင်းတွေပါ ပျက်စီးသွားကြောင်း ဒေသခံတွေထံက စုံစမ်းသိရပါတယ်။
တောဆင်ရိုင်းတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်လောက်က စတင်ပြီး ကျွဲဖြူမ၊ မအူတန်း၊ ထန်းပင်ကုန်း၊ အောင်ချမ်းသာ၊ သိုက်ဝါးချောင်း စတဲ့ အနီးနားက ကျေးရွာတွေကို ဝင်ရောက်လာတာလို့ ထန်းပင်ကုန်းကျေးရွာမှ အမျိုးသားတယောက်က ပြောပါတယ်။
“ဆင်တွေက ၁၇ ကောင်လောက်ရှိတယ်။ ဆင်အကြီးကြီးတွေရော၊ အသေးလေးတွေရော ပါတယ်။ ကျနော်တို့ရွာက ဦးလေးကြီးတယောက် ညဘက် ယာကိုင်းထဲက တဲမှာအိပ်နေတာ၊ ဆင်တွေဝင်လာပြီး တဲပါဖျက်ပြီး လူပါ နင်းသတ်သွားတာ။”
နိုဝင်ဘာ ၂၀ ရက်မှာလည်း အောင်ချမ်းသာကျေးရွာကို တောဆင်းရိုင်းတွေ ဝင်ရောက်လာပြီး အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို နင်းသတ်ခဲ့သေးကြောင်း အဲဒီကျေးရွာနေ အမျိုးသမီးတယောက်က ပြောပါတယ်။
“သူတို့လည်း တဲမှာ အိပ်နေတဲ့အချိန် အနင်းခံရတာ။ လူတွေတင်နင်းတာမဟုတ်ဘူး၊ တဲတွေလည်းဖျက်တယ်၊ ဆိုင်ကယ်တွေ၊ လယ်ယာသုံးပစ္စည်းတွေလည်း ဖျက်ဆီးခံရတယ်၊ ပြီးတော့ စပါးခင်းတွေလည်း ဖျက်ဆီးခံရတယ်။ အောင်ချမ်းသာရွာက ကိုမင်းနဲ့ ကိုအာကြီးတို့ လက်နဲ့ရိတ်ထားတဲ့ စပါး ၃ ဧကကိုလည်း ရိတ်ပြီးသားတွေ အကုန်ဖျက်ဆီးခံလိုက်ရတယ်။”
လက်ရှိအချိန်ထိ အုတ်ဖိုမြို့နယ်မှာ တောဆင်ရိုင်းတွေ ရှိနေပြီး မိမိတို့ရွာထဲ ကိုင်းထဲ ဆင်ရိုင်းတွေ မဝင်လာစေရေး ရွာသားတွေ ညဘက်စုပေါင်းပြီး ခြောက်လှန့် မောင်းထုတ်နေကြရပါတယ်။
ပဲခူးရိုးမအနီးရှိ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို တောဆင်ရိုင်းတွေ ဝင်ရောက်လာတဲ့အခါ ရဲဘော်တွေက ခြောက်လှန့် မောင်းထုတ်ပေးပေမဲ့ တော်လှန်ရေးရဲဘော်တွေ စိုးမိုးနယ်မြေမဟုတ်တဲ့ ဒေသတွေမှာ တောဆင်ရိုင်း အန္တရာယ်ကို မကူညီပေးနိုင်ကြောင်းလည်း ရဲဘော်တွေက ဆိုပါတယ်။
အုတ်ဖိုနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကြို့ပင်ကောက်၊ နတ်တလင်း မြို့နယ်တွေမှာ CDM ဆင်ဝန်ထမ်းတွေနောက် ပါသွားတဲ့ ဆင်အကောင်ရေ ၃၀ ထက်မနည်းရှိပြီး ဆင်စခန်းတွေက လွတ်မြောက်ထွက်ပြေးသွားတဲ့ ဆင်တွေလည်းရှိကြောင်း CDM ဆင်ဝန်ထမ်းတွေက ဆိုပါတယ်။
ပဲခူးရိုးမနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာလည်း အခု နိုဝင်ဘာလအတွင်း တောဆင်ရိုင်း အန္တရာယ်ပြုမှုကြောင့် ၃ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။