စပိန်နိုင်ငံ၊ ဗလန်စီယာမြို့ အရှေ့ပိုင်းဒေသမှာ မိုးသည်းလို့ တံတားတွေနဲ့ အဆောက်အအုံတွေ ပြိုကျပျက်စီးပြီး ရေထဲမျောပါသွားခဲ့ပါတယ်။
စပိန်နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ လူအသေအပျောက် အများဆုံးဖြစ်တဲ့ ၄ ရက်ကြာ ရေကြီး ရေလျှံမှုမှာ လူ ၂၂၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ပျောက်ဆုံးသွားခဲ့တာပါ။
စပိန်နိုင်ငံ၊ ဗလင်စီယာမြို့မှာ အောက်တိုဘာ ၂၉ ရက်က တနှစ်လုံးစာ မိုးရေချိန်ကို ၈ နာရီအတွင်း ရွာချခဲ့လို့ အဝေးပြေးလမ်းမတွေနဲ့ လယ်မြေတွေ နစ်မြုပ်သွားခဲ့တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
ရှောက်၊ သံပုရာနဲ့ လိမ္မော်သီးတွေကို ကမ္ဘာ့ ထိပ်တန်းတင်ပို့သူနိုင်ငံဖြစ်တဲ့ စပိန်ရဲ့ ဒီဒေသမှာ စိုက်ပျိုးမြေ ၃ ပုံ ၂ ပုံ ရှိနေတာပါ။
အညိုရောင်ရေတွေ လမ်းမတွေပေါ်မှာ တဟုန်ထိုး စီးဆင်းနေလို့ လူတွေက ကားခေါင်မိုးတွေပေါ်မှာ တက်နေရတာတွေ၊ ကားခေါင်မိုးတွေပေါ် တဟုန်ထိုးတက်နေတဲ့ သစ်ပင်တွေ အမြစ်ကနေကျွတ်ထွက်ပြီး အဆောက်အဦတွေက အင်္ဂတေတွေ အတုံးလိုက် ပဲ့ထွက် မျောပါသွားတာတွေကို အဆိုးရွားဆုံး နေရာတွေမှာ နေသူတွေဟာ ပြန်ပြောင်း ပြောပြခဲ့ကြပါတယ်။
ပေါ်တူဂီမှာ လူပေါင်း ၅၀၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ၁၉၆၇ ခုနှစ် နောက်ပိုင်းမှာ စပိန်ရေဘေးဟာ ဥရောပရဲ့ အဆိုးရွားဆုံး ရေဘေးနဲ့ ဆက်နွှယ်တဲ့ ကပ်ဘေးဖြစ်ရပ်ပါ။
စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ရေကြီးရေလျှံတာတွေကြောင့် ဒုက္ခရောက်သူတွေကို အစိုးရက လိုအပ်တဲ့ နည်းလမ်းအားလုံးကို သုံးပြီး ကူညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Source : Reuters