တောင်အာရှကျွန်းနိုင်ငံဖြစ်တဲ့ သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း မိုးသည်းထန် လေပြင်းတွေ တိုက်ခတ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၇ ရက်က သီရိလင်္ကာနိုင်ငံရဲ့ နေရာအတော်များများမှာ ရေကြီးရေလျှံခဲ့တာကြောင့် လူတယောက် သေဆုံးပြီး ၈ ယောက် ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
နိုင်ငံအရှေ့ဘက်ခြမ်းမှာ ရေကြီးရေလျှံပြီးနောက် မျောပါသွားတဲ့ လယ်ထွန်စက်ထဲမှာ လိုက်ပါလာသူ ၈ ယောက် ပျောက်ဆုံးနေတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အမျိုးသမီးတယောက်လည်း မြေပြိုမှုတခုအတွင်း နစ်မြုပ်သွားပြီးနောက် သေဆုံးသွားခဲ့ကြောင်း နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဗဟိုက ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ လေဖိအားနည်းရပ်ဝန်းကနေ ဆင့်ကဲပြောင်းလဲပြီးတော့ “ဆိုင်ကလုန်းမုန်တိုင်း” အဖြစ်ကို ပိုမိုအားကောင်းလာပြီး နိုဝင်ဘာ ၂၈ ရက်မှာ ကျွန်းအရှေ့ဘက် ကမ်းရိုးတန်း ကုန်းတွင်းပိုင်းထဲ ဝင်ရောက်နိုင်တယ်လို့ သီရိလင်္ကာ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
“အသေးစား ဆိုင်ကလုန်းမုန်တိုင်းဟာ ကျွန်းနဲ့ဝေးရာကို ရွေ့လျားမယ်လို့ ခန့်မှန်းထားပြီး နိုဝင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ ဆိုင်ကလုန်းမုန်တိုင်းရဲ့ သက်ရောက်မှု လျော့ပါးသွားလိမ့်မယ်” လို့ မိုးလေဝသဌာနက ပြောပါတယ်။
Source : Reuters