ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တမိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်သား ၁၄ ယောက်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၂၈ ရက်မှာ ဖမ်းဆီးရမိထားကြောင်း ကျောင်းသားလက်ရုံးတပ်တော်ထံက သိရပါတယ်။
အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်မှုကို ခံနေရတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့ ဗိုလ်မှူးဇော်ထက်နောင် ဦးစီးစစ်ကြောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်မှာ အမ်း-ပဒါန်းလမ်းတနေရာမှာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ကျောင်းသားလက်ရုံးတပ်တော် တာဝန်ရှိသူတယောက်က ပြောပါတယ်။
“စကစဘက်က ၂ ဦးသေဆုံးပြီး ၁၄ ဦးကိုတော့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာပါ။ လက်ရှိ ၁၄ ဦးစလုံးကိုတော့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးထားသလို စစ်သုံ့ပန်းမူဝါဒနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။”
အဲဒီပိတ်ဆို့တိုက်ခိုက်မှုကိုတော့ ကျောင်းသားလက်ရုံးတပ်တော်နဲ့ မဟာမိတ် ပူးပေါင်းစစ်ကြောင်းအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဖွဲ့စည်းပုံပျက်ကာ တကွဲတပြားစီ ထွက်ပြေးနေတာတွေကြောင့် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။
တိုက်ပွဲမှာ ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့အတူ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။