Home
မြန်မာသတင်း
မြန်မာ့အရေးဆွေးနွေးပွဲအတွက် ထိုင်းပြင်ဆင်
DVB
·
November 29, 2024
Photo-nationthailand

မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ ထိုင်းအစိုးရက အလွတ်သဘောဆွေးနွေးပွဲတရပ်ကို လာမယ့် ဒီဇင်ဘာလထဲမှာ ကျင်းပသွားဖို့ ပြင်ဆင်နေပြီး ဘယ်နေ့ ဘယ်ရက်ဖြစ်မယ်ဆိုတာ အတည်ပြုနိုင်ခြင်း မရှိသေးတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ် ဘာလန်ကူရာက ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၀ ရက်အထိ ကျင်းပဖို့ လျာထားပေမဲ့ ဆွေးနွေးပွဲကျင်းပမယ့်ရက်ကို တခြား ပါဝင်သူတွေဘက်က အတည်ပြုဖို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။

တိုးချဲ့အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲမှာတော့ အရင်အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား၊ လက်ရှိဥက္ကဋ္ဌ လာအိုနဲ့ နောက်လာမယ့်  အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံတို့က ပါဝင်မှာဖြစ်ပြီး ဆွေးနွေးပွဲမှာ ပါဝင်လိုတဲ့ တခြားအဖွဲ့ဝင်တွေကို လည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ ပြီး သူတို့ရဲ့ ထောက်ပံ့ကူညီမှု ရရှိခဲ့ပါတယ်” လို့ ပြောလိုက်ပြီး အာဆီယံဥက္ကဋ္ဌအဖြစ် ပါဝင်လာမယ့် မလေးရှားနိုင်ငံရဲ့ ပံ့ပိုးကူညီမှုကိုလည်း ရရှိခဲ့ကြောင်းလည်း ထိုင်းနိုင်ငံခြားရေး တာဝန်ရှိသူက ပြောပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံခေါင်းဆောင်တွေချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ချင်းမရှိတာကြောင့် အကောင်အထည် မဖော်နိုင်ဖြစ်နေချိန်မှာ အာဆီယံလက်ရှိ ဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ တိုက်တွန်းချက်အရ မြန်မာ့ အရေးအလွတ်သဘော ဆွေးနွေးပွဲတရပ်ကို လာမယ့် ဒီဇင်ဘာမှာ ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပဖို့ ထိုင်းဝန်ကြီးချုပ်က အဆိုပြုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်ကလည်း မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတခုကို  ထိုင်းအစိုးရရဲ့ ကမကထပြုမှုနဲ့  ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပြီး ဘာရလဒ်မှထွက်မလာခဲ့ပါဘူး။

ဒီဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံတွေထဲက ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်း၊ လာအို နိုင်ငံခြားရေးဝန်ကြီး ဆလုံးဆေးကိုမာဆစ်နဲ့ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေး ဒုဝန်ကြီး ဒိုဟုန်ဗီယက်တို့ တက်ရောက်ခဲ့ပြီး စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ဝန်ကြီးတွေကတော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

အဲဒီအစည်းအဝေးမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်နဲ့ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ တက်ရောက်ခဲ့ပြီး  အာဆီယံအနေနဲ့ CRPH၊ NUG၊ PDF နဲ့ မဆက်သွယ်ဖို့နဲ့ အားပေးထောက်ခံတာမလုပ်ဖို့ ပြောကြားခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ခဲ့ပါတယ်။

Source: Bangkok Post

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024