Home
မြန်မာသတင်း
ထရမ့်ပ်အစိုးရအဖွဲ့တွင် တရုတ်ဆန့်ကျင်သူ အများစုပါဝင်၊ မြန်မာ့အရေး အာရုံစိုက်ရန် နည်းလမ်းရှာ
DVB
·
November 25, 2024

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ပ်က သူ့အစိုးရသစ် အဖွဲ့ဝင် အများစုကို တရုတ်ဆန့်ကျင်ရေး အားသန်သူတွေနဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ မြန်မာ့အရေးကို အစိုးရသစ်က အာရုံစိုက်လာဖို့နဲ့ အကူအညီတွေရဖို့ အမေရိကန်ရောက် မြန်မာ့အရေး ဆောင်ရွက်တဲ့ အစုအဖွဲ့တွေက နည်းလမ်းရှာဖွေနေကြပါတယ်။

၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က လာမယ့် ဇန်နဝါရီလကျရင် ကျမ်းသစ္စာကျိန်ဆိုမယ့် သူ့ရဲ့အစိုးရသစ်မှာ ဦးဆောင်ပါဝင်မယ့်သူတွေ စာရင်းကို နိုဝင်ဘာ ၂၄ ရက်မှာ အပြီးသတ် အတည်ပြုခဲ့တာပါ။

ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် မိုက်ဝေါ့လ်ဇ်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် အီလိုက်စ်စတီဖာနစ် တို့ အပါအဝင် အများစုဟာ တရုတ်ဆန့်ကျင်ရေးမှာ ဒေါ်နယ်ထရမ့်ပ်နဲ့ သဘောထား တိုက်ဆိုင်သူတွေ ဖြစ်တယ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ထရမ့်ပ်ရဲ့ တရုတ်နိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး ဖိအားပြန်ပေးမယ့် အစီအစဉ်တွေနဲ့ တပြိုင်နက် မြန်မာ့အရေးကို အစိုးရသစ်က အာရုံစိုက်လာဖို့နဲ့ အကူအညီတွေရဖို့ အမေရိကန်ရောက် မြန်မာ့အရေးဆောင်ရွက်တဲ့ အစုအဖွဲ့တွေက နည်းလမ်းရှာဖွေနေကြပါတယ်။

Save Myanmar-USA အဖွဲ့မှ ကိုရင်အေးက “ထရမ့်ပ်ကတော့ စီးပွားရေးအရ ဘယ်လို အကြီးအကျယ် အသာစီးရမလဲဆိုတာ ပြင်ဆင်မှုတွေတော့ လုပ်မှာသေချာတယ်ပေါ့နော်။ ပထမအကြိမ် အတွေ့အကြုံကလည်း ရှိခဲ့တာကိုး။ စီးပွားရေးနဲ့ပတ်သက်ရင် တရုတ်က အမေရိက ကနေ နည်းပညာတွေ ခိုးတယ်ဆိုတဲ့ ကိစ္စပေါ့နော်။ အဲဒါတွေကလည်းပဲ တရုတ်က လူလည်ကျတာပေါ့နော်။ ဒါတွေအပေါ်မှာလည်း ထရမ့်ပ်အနေနဲ့ ပြင်ဆင်မှုတွေတော့ ဖြစ်လိမ့်မယ်။ တရုတ်တို့ ဘာတို့က ပြောရမယ်ဆိုရင် ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွားပဲ ကြည့်ပြီးတော့ ကျင့်ဝတ်မရှိဘူး။ အမေရိကန်တို့ ဘာတို့လည်းပဲ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်ပေမဲ့ ကျင့်ဝတ်ရှိတယ်။ အဲဒီကွာခြားမှုတွေကိုတော့ သူ့အနေနဲ့ သေချာပြင်ဆင်လိမ့်မယ်၊ အဲဒါမျိုးတော့ရှိတယ်။ စီးပွားရေးကုန်သွယ်မှု တခုတည်းတင် မဟုတ်ဘဲ တခြား ကိုဗစ်လိုမျိုးပေါ့၊ ထရမ့်ပ်ရဲ့ အတွေးအခေါ်ထဲမှာ တရုတ်က သက်သက်မဲ့လုပ်တာပါဆိုတဲ့ လူသားဖန်တီးတဲ့ ဘေးအန္တရာယ်ပေါ့နော်၊ အဲဒီလိုအမြင်မျိုးလည်း ရှိတော့ ဒီအခန်းကဏ္ဍတွေမှာလည်း သူတက်လာရင်တော့ သေချာပြင်ဆင်ပြီး သွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ရတာပေါ့နော်” လို့ ပြောပါတယ်။

ဒေါ်နယ်ထရမ့်ပ်ဟာ သူ့ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းတုန်းက တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အားပြိုင်မှုမှာ အရေးနိမ့်ထားတဲ့အတွက် အခုတကြိမ်မှာ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးအပေါ် လွှမ်းမိုးနေတာတွေကို လက်တုံ့ပြန်ဖို့ အစီအစဥ်တွေ သေချာပေါက်ရှိနေမှာ ဖြစ်တယ်လို့ တရုတ်-မြန်မာအရေး ကျွမ်းကျင်သူတယောက်က သုံးသပ်ပါတယ်။

နိုဝင်ဘာ ၁၆ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့ကြပြီး ထိုင်ဝမ်အရေး၊ တရုတ်ပြည်တွင်း ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ၊ တရုတ်ပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံရေးစနစ် စတာတွေကို အထိမခံနိုင်ကြောင်း ရှီကျင့်ဖျင်က ပြောဆိုခဲ့ပြီး ဒီအချက်ဟာ ထရမ့်ပ်ကို စောစောစီးစီး သတိပေးတဲ့သဘော သက်ရောက်တယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက “သူကစပြီးတော့ သမ္မတဖြစ်ရေးကို ကြိုးစားတာကိုက သူ့အနေနဲ့ လက်စားချေရေးအတွက် ကြိုးစားတာလေ ထရမ့်ပ်က။ အမေရိကန်ရဲ့ အခုနိုင်ငံရေးအခြေအနေက သူက ပေါ်ပြူလာဖြစ်တာကို သိပ်ကြိုက်တာ၊ လူကြိုက်များတဲ့စကားကို များများပြောရတာပေါ့ဗျာ။ အမေရိကန်ပြည်သူတွေ ကြားထဲမှာ တရုတ်မုန်းတီးရေးက တအားမြင့်နေတဲ့အခါ တရုတ်ကို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မုန်းတီးစရာတွေ ကြံဖန်ပြောနေတယ်။ တချို့က မဲချူတာပေါ့ဗျာ၊ အာလူးတွေ ပိုပေးနိုင်တဲ့လူက ပိုပြီးမဲရသလို ဖြစ်နေတာပေါ့။ အစောကြီးကတည်းက တရုတ်ကတော့ ဒီလိုပြောတယ်၊ ကမ်မလာတက်တက် ထရမ့်ပ်တက်တက် သူတို့အတွက်ကတော့ မထူးဘူးတဲ့။ ရီပတ်ဘလီကန်ရော ဒီမိုကရက်ဘက်ကရော သူတို့အပေါ် ရန်လိုလို့။ ဒါကြောင့် သူတို့တော်တော်များများ ပြင်ဆင်ထားပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းတွေမှာ အရေးပါနေတာကြောင့် တရုတ်အစိုးရက ခြယ်လှယ်နိုင်ဖို့ ကြိုးစားနေသလို တရုတ်ရဲ့ အင်အားကြီးထွားလာမှုကို ထိန်းချင်တယ်ဆိုရင် မြန်မာ့အရေးဟာ အမေရိကန်နိုင်ငံအတွက် အခြေအနေတခုအထိ အရေးပါနေဦးမှာ ဖြစ်ပါတယ်။

မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က “ဒေသတွင်းတိုက်ပွဲတွေ အပေါ်မှာတော့ ထူးပြီးတော့ သက်ရောက်မှာမဟုတ်ဘူး။ တရုတ်က မင်းအောင်လှိုင်ဘက်ကို လုံးလုံးရပ်သွားတဲ့အတွက် ပြည်သူလူထုက ပိုပြီးတော့ စည်းလုံးရမယ်၊ ညီညွတ်ရမယ်။ ပိုပြီးတော့ အားထည့်ရမယ်ဆိုတဲ့ စိတ်တွေပဲ ပိုဖြစ်လာတာပေါ့။ တရုတ်က လုံးလုံး စကစဘက် ရပ်သွားတယ်၊ ထောက်ပံ့သွားတယ်ဆိုတော့ ပြည်သူလူထုအများစုက တရုတ်ကိုလည်း မုန်းတီးသွားသလို PDF တွေဘာတွေကို ပိုပြီးထောက်ပံ့ရမယ်၊ ညီညွတ်ရမယ်ဆိုတာကိုလည်း သိသွားတာပေါ့” လို့ ပြောပါတယ်။

အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ NDAA မှာ ထည့်သွင်းဖော်ပြထားတဲ့ Burma Act ပါ ဖော်ပြချက်တွေအတိုင်း မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမယ့်အချက် ပါဝင်တဲ့ ဘတ်ဂျက်အတည်ပြုချက်ကို သမ္မတ ဂျိုးဘိုင်ဒင်က ၂၀၂၄ မတ်လထဲမှာ လက်မှတ်ရေးထိုး အတည်ပြုထားပါတယ်။

အမေရိကန်ဘက်က ငွေကြေးထောက်ပံ့မယ့် အစီအစဉ်တွေ အတည်ပြုပြီးနောက်ပိုင်းမှာ တရုတ်အစိုးရကလည်း မြန်မာ့ပြည်တွင်းရေးမှာ ပေါ်ပေါ်ထင်ထင် ပါဝင်ပတ်သက်လာပြီး စစ်ကောင်စီဘက်က ရပ်တည် ပြောဆိုတာတွေ ရှိလာတဲ့အတွက် တော်လှန်ရေး အင်အားစုတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013