ဇူလိုင်လထဲမှာ ရာဖစ်ဟာ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကနေ လျှို့ဝှက်ပြီး လှေငယ်တစီးနဲ့ မြန်မာနိုင်ငံဘက်ကို ဖြတ်ကူးသွားခဲ့ပါတယ်။ သူ ဦးတည်ရာကတော့ ၂၀၁၇ တုန်းက သူထွက်ပြေးခဲ့ရတဲ့ နိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ် ရာဖစ်ဟာ ကော့ဇ်ဘဇားက ဒုက္ခသည်တသန်းကျော် နေထိုင်တဲ့ စခန်းတွေကနေ ထွက်လာတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် ထောင်ပေါင်းများစွာထဲက တယောက် ဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနက တွေ့မြင်ခဲ့ရတဲ့ အကူအညီပေးရေး အေဂျင်စီ ၂ ခုရဲ့ ရုံးတွင်းအစီရင်ခံစာ ၂ စောင်နဲ့ အခြေအနေကို သိရှိသူ လူ ၄ ယောက်ရဲ့ ပြောကြားချက်အရ ဒီနှစ်မှာ စစ်သားစုဆောင်းမှုတွေနဲ့ သေကျေမှုတွေ မြင့်တက်လာနေတယ်လို့ သိရပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင် ရာဖစ်က “ကျနော်တို့ အများကြီး (နတ်) မြစ်တဖက်ကမ်းမှာ စုရုံးခဲ့ကြတယ်။ ကျနော်တို့ တိုက်ပွဲဝင်ဖို့ သွားခဲ့တယ်။ ကျနော်တို့က အလ္လာအတွက် တိုက်တာ၊ ဟန်ရေးပြနေတာ မဟုတ်ဘူး။ ကျနော်တို့က ဒီမှာ ဒုက္ခသည် ရိက္ခာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေနေကြတာ။ ဒါပေမဲ့ ကျနော်တို့မှာ ကိုယ့်နိုင်ငံမှာ အခွင့်အရေးတွေ ရှိတယ်လို့ ယုံကြည်လို့ သွားခဲ့ကြတယ်။ ရခိုင်မှာ နေထိုင်ခွင့်ရှိတယ်။ အဲဒီကလူတွေက ကျနော်တို့ကို နှင်ထုတ်ခဲ့တယ်။ အဲဒီမှာ (မြန်မာနိုင်ငံမှာ) တိုင်းရင်းသား ၁၃၆ မျိုး ရှိတယ်။ သူတို့က ကျနော်တို့ကို ချန်ထားခဲ့တယ်။ သူတို့က ကျနော်တို့ကို ညှဉ်းပန်းနှိပ်စက်ပြီး ဘင်္ဂလားဒေ့ရှ်ကို အတင်းနှင်ထုတ်ခဲ့တယ်” လို့ ပြောပါတယ်။
သူ မြန်မာနိုင်ငံမှာ ရက်သတ္တပတ်အတန်ကြာ တိုက်ပွဲဝင်ခဲ့ပြီးနောက်မှာတော့ ခြေထောက်မှာ သေနတ်ဒဏ်ရာရလို့ ပြန်လာခဲ့ရပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင် ရာဖစ်က “ကျနော်တို့က အခု သံလိုက်အိမ်မြှောင် မပါတဲ့ လှေလို ပင်လယ်ထဲမှာ မျောနေရတယ်။ ကျနော်တို့ရဲ့ ဒုက္ခတွေကို ကမ္ဘာကို တိုင်ကြားခဲ့တယ်။ ဒါပေမဲ့ အခုထိ ဘာရလဒ်မှ မရှိသေးဘူး။ မြန်မာက မြန်မာပဲ။ ကျနော်တို့က ဒီမှာပဲ။ တိုင်တန်းချက်တွေက မျောနေတုန်းပဲ။ အဓိပ္ပာယ်ရှိတဲ့ ဘာမှ မဖြစ်လာသေးဘူး” လို့ ပြောပါတယ်။
ကမ္ဘာပေါ်မှာ နိုင်ငံမဲ့လူဦးရေ အများဆုံးဖြစ်တဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုလို့ စွပ်စွဲခေါ်ဝေါ်တဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ ၂၀၁၆ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ကို အစုလိုက်အပြုံလိုက် ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ ရခိုင်ပြည်နယ်ရဲ့ နယ်မြေအများစုကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်ဖို့အတွက် အရင်က သူတို့ကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းမဟာမိတ်ဖွဲ့ထားတဲ့ အုပ်စုတွေမှာ ပါဝင်လာကြပါတယ်။
ရိုက်တာက ဒုက္ခသည်စခန်းတွေအတွင်းမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေ အားကောင်းလာမှုအကြောင်း ပြောပြတဲ့ လူ ၁၈ ယောက်ကို အင်တာဗျူးခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေထဲမှာ အကူအညီပေးရေး အေဂျင်စီတွေက ရေးသားထားတဲ့ လုံခြုံရေး အခြေအနေ ရုံးတွင်းအစီရင်ခံစာ ၂ စောင်ကိုလည်း လေ့လာခဲ့ပါတယ်။
ရိုက်တာဟာ စစ်သွေးကြွအခြေအနေနဲ့ ပတ်သက်တဲ့ အရင်ဖော်ပြမှုတွေကို အခြေခံပြီး ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ရေးသမား ၃,၀၀၀ ကနေ ၅,၀၀၀ အထိ စုဆောင်းထားတာကို ပထမဆုံးအကြိမ် သတင်းဖော်ပြတာ ဖြစ်ပါတယ်။
ညှိနှိုင်းမှု မအောင်မြင်တာတွေ၊ စစ်အုပ်စုက ကမ်းလှမ်းတဲ့ ငွေကြေးနဲ့ နိုင်ငံသား အထောက်အထားလို မက်လုံးတွေ၊ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတချို့က ပုန်ကန်မှုမှာ ပူးပေါင်းဆောင်ရွက်နေတာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကိုလည်း ရိုက်တာက ဖော်ထုတ်နေပါတယ်။
မြန်မာစစ်ကောင်စီကတော့ သူ့ရဲ့စစ်သားတွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ဖို့ “မွတ်စလင်” တွေကို စုဆောင်းထားတာကို ငြင်းဆိုခဲ့တယ်။ “မွတ်စလင် ဒေသခံတွေက အကာအကွယ်တောင်းလို့ သူတို့ရပ်ရွာ၊ သူတို့ဒေသကို သူတို့ကိုယ်တိုင် ကာကွယ်နိုင်ဖို့ အခြေခံစစ်သင်တန်းတွေ ပေးခဲ့တယ်” လို့ ရိုက်တာရဲ့ မေးခွန်းတွေအပေါ် စစ်ကောင်စီဘက်က ဖြေကြားထားပါတယ်။
ဒုက္ခသည်စခန်းတွေရဲ့ အတွင်းအပြင်မှာ လေ့ကျင့်ထားတဲ့ ရိုဟင်ဂျာတိုက်ခိုက်ရေးသမားတွေနဲ့ လက်နက်တွေ ရှိနေတာဟာ ဘင်္ဂလားဒေ့ရှ်အတွက် ချိန်ကိုက်ဗုံးတခုလို ဖြစ်နေတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။ နေ့စဉ် အကြမ်းဖက်မှုတွေလည်း ဖြစ်ပွားနေတဲ့ ဒုက္ခသည်စခန်းတွေမှာ နှစ်စဉ် ကလေး ၃၀,၀၀၀ လောက်ဟာ အင်မတန်ဆင်းရဲတဲ့ အခြေအနေကြားမှာ မွေးဖွားနေပါတယ်။
မိုးရာသီကာလ နှစ်လယ်ပိုင်းလောက်က ကော့ဇ်ဘဇားနားကနေ မြန်မာနိုင်ငံ အနောက်ပိုင်း မောင်တောမြို့အထိ လှေစီးသွားခဲ့တဲ့ ရိုဟင်ဂျာတပ်ဖွဲ့ဝင် အဘူအာဖနာက စစ်ကောင်စီ တပ်သားတွေက သူ့ကို နေရာထိုင်ခင်းပေးပြီး လက်နက်တွေ ပေးခဲ့တယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်နေတဲ့ ပင်လယ်ကမ်းခြေမြို့မှာ ရိုဟင်ဂျာတွေဟာ တခါတရံ စစ်ကောင်စီတပ်သားတွေနဲ့ တခန်းတည်းတောင် အတူနေရတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ တိုက်ခိုက်ရေးသမား အဘူအာဖနာက “စစ်အုပ်စု တပ်တွေနဲ့အတူ တိုက်နေတဲ့အခါ ကျနော်တို့ အမေတွေနဲ့ အမတွေကို မုဒိမ်းကျင့်ပြီး သတ်ခဲ့တဲ့ သူတွေပဲလို့ ခံစားရတယ်။ ပြီးတော့ ကျနော်တိုက်နေရတဲ့ လူတွေက ကျနော်တို့နိုင်ငံ လုံးဝပျက်စီးသွားရတဲ့ အကြောင်းရင်းပဲ။ ကျနော်တို့ရဲ့ အဓိကရန်သူက မြန်မာအစိုးရ မဟုတ်ဘူး၊ ရခိုင်အသိုက်အဝန်းပဲ” လို့ ပြောပါတယ်။
အရင်က ရိုဟင်ဂျာတွေကို နှင်ထုတ်ရာမှာ စစ်တပ်နဲ့ ပူးပေါင်းခဲ့သူတွေပါ ပါဝင်တဲ့ ရခိုင်လူထုအများစုက အာရက္ခတပ်တော်ကို ထောက်ခံထားပါတယ်။
ဒီနှစ်ထဲမှာ အာရက္ခတပ်တော်က မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ အကြီးဆုံး ရိုဟင်ဂျာ နေရပ်တွေထဲက တခုကို မီးရှို့ဖျက်ဆီးခဲ့တာနဲ့ RSO ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က မြန်မာစစ်တပ်နဲ့အတူ လက်တွဲတိုက်ခိုက်ဖို့ “စစ်မြေပြင် သဘောတူညီမှု” တခု ရရှိထားတဲ့အကြောင်း ရိုက်တာက ဒီနှစ်ထဲမှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ ARSA၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲဝင်တွေဟာ ပူးတွဲစစ်ရေးလှုပ်ရှားကာ လာရောက်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်အန္တရာယ်ဟာ အာရက္ခဒေသ အတွင်းမှာသာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ်နေ အရပ်သားပြည်သူလူထုတွေအတွက်ပါ များစွာစိုးရိမ်စရာကောင်းပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူ့လုံခြုံရေးတိုကို စိန်ခေါ်နေတယ်လို့လည်း AA ကထုတ်ပြန်ထားပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင် အဘူအာဖနာရဲ့ အဆိုအရ စစ်ကောင်စီတပ်က ရိုဟင်ဂျာတွေကို လက်နက်တွေ၊ လေ့ကျင့်မှုနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးထားပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြု အထောက်အထား ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ တချို့အတွက်တော့ ဒါဟာ အားကောင်းတဲ့ ဆွဲဆောင်မှု ဖြစ်နေပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ မျိုးဆက်နဲ့ချီ နေထိုင်ခဲ့ပေမဲ့ နိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရပြီး အခုတော့ ဘင်္ဂလားဒေ့ရှ်က တရားဝင် အလုပ်လုပ်ခွင့် ပိတ်ပင်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။
အဘူအာဖနာက “ကျနော်တို့ရဲ့ (နိုင်ငံသား) ကတ် ဘယ်မှာလဲလို့ ကျနော်တို့ရဲ့ တပ်မှူးကို မေးလေ့ရှိတယ်။ ကျနော်တို့ လိုအပ်နေတာ။ ကျနော်တို့က ပိုက်ဆံမလိုဘူး။ ပိုက်ဆံအတွက်ဆို ရိုဟင်ဂျာတွေ လုပ်နိုင်တာတွေ အများကြီးရှိတယ်။ ကျနော်တို့ထဲမှာ သူဌေးတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ဒါက ပိုက်ဆံအတွက် မဟုတ်ဘူး။ ကတ်ပဲ လိုချင်တာ။ ကျနော်တို့ အမြဲ တွေးနေတယ်။ သူ (စစ်ကောင်စီတပ်မှူး) က စိတ်ရှည်ဖို့ အမြဲပြောတယ်။ အခြေအနေ ငြိမ်သက်သွားရင် အားလုံးရမယ်လို့ သူပြောတယ်” လို့ ပြောပါတယ်။
ရိုက်တာက ဖတ်ရှုခွင့်ရခဲ့တဲ့ အကူအညီပေးရေး အေဂျင်စီတခုရဲ့ ဇွန်လ အစီရင်ခံစာအရ မတ်လကနေ မေလအတွင်း “အယူဝါဒရေးရာ၊ အမျိုးသားရေးနဲ့ ငွေကြေးဆိုင်ရာ မက်လုံးတွေ၊ မှားယွင်းတဲ့ကတိတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ အဓမ္မခိုင်းစေမှုတွေ” ကို သုံးပြီး ဒုက္ခသည်စခန်းတွေကနေ လူ ၂,၀၀၀ လောက်ကို စုဆောင်းထားတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အရာရှိတယောက်နဲ့ ရိုဟင်ဂျာ တိုက်ခိုက်ရေးသမား ၂ ယောက်ရဲ့ အဆိုအရ တိုက်ခိုက်ရေးအတွက် ခေါ်ဆောင်သွားသူတွေထဲမှာ အသက် ၁၃ နှစ်လောက်ပဲရှိသေးတဲ့ ကလေးတွေပါ ပါဝင်ပြီး အများစုဟာ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရတာလို့ ဆိုပါတယ်။
ကော့ဇ်ဘဇားမှာတော့ RSO နဲ့ ARSA အကြမ်းဖက်အဖွဲ့တို့ လွှမ်းမိုးနိုင်ရေးအတွက် ထိပ်တိုက်အားပြိုင်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ မငြိမ်သက်မှုတွေနဲ့ ကြုံနေရပါတယ်။ တိုက်ခိုက်မှုတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် နေထိုင်သူတွေဟာ စိုးရိမ်ကြောက်လန့်နေရသလို လူသားချင်းစာနာမှု အကူအညီတွေ အတွက်ပါ အခက်အခဲ ဖြစ်လာစေပါတယ်။
မေလက သူ့ရဲ့ဇနီးနဲ့ ကလေး ၄ ယောက်နဲ့အတူ မောင်တောကနေ ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသား ရှရစ်အူလာ ကတော့ ပုံမှန်ရိက္ခာရရှိဖို့ ရုန်းကန်နေရတယ်လို့ ပြောပါတယ်။
“လုံခြုံရေးနဲ့ တည်ငြိမ်မှုပဲ လိုချင်လို့ ထွက်ပြေးလာခဲ့တာ။ ရောက်ကတည်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတိုင်းကို အကူအညီ တောင်းနေတာ။ ဒီမှာ အလုပ်မရှိဘူး။ ပိုက်ဆံလည်း မရှိဘူး။ ဒါပေမဲ့ ကျနော့်မှာ ကလေးတွေရှိတယ်။ သူတို့ကို ကျောင်းတက်စေချင်တယ်၊ ပညာတတ်စေချင်တယ်။”
အရင်က ဆန်နဲ့ ပုစွန် စိုက်ပျိုးမွေးမြူရေး လုပ်ခဲ့တဲ့သူက အကြမ်းဖက်မှုတွေ ပိုဆိုးလာတဲ့အထဲမှာ သူ့မိသားစုရဲ့ လုံခြုံရေးက အဓိကစိုးရိမ်စရာဖြစ်လာတယ်လို့ ဆိုပါတယ်။
“ကျနော့်အတွက် ဒီမှာ အလုပ်မရှိဘူး၊ ကျနော်ကတော့ လုံခြုံမှုနဲ့ တည်ငြိမ်မှုပဲ လိုချင်တယ်” လို့ သူက ဆိုပါတယ်။
စိုင်းခေတ်နွေ
Ref: Reuters