UWSA ‘ဝ’ တပ်ဖွဲ့ရဲ့ အမှတ် ၁၇၁ နယ်မြေကနေ ဝင်ရောက်လာတဲ့ စိတ်ကြွမူးယစ်ဆေးပြား ၂၆ သိန်းကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်၊ ချိုင်းယားနုဖတ်စစ်ကြောင်း၊ အမှတ် ၂ ကွန်မန်ဒိုတပ်ဖွဲ့ စတဲ့ ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ညပိုင်းက ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ် မိုင်းနကျေးရွာအုပ်စု အရုနိုထိုင်း ကျေးရွာအနီး လုံခြုံရေးကင်းလှည့်နေစဉ် ည ၁၁ နာရီလောက်မှာ ကျောပိုးအိတ် အထမ်းကိုယ်စီနဲ့ မြန်မာနယ်စပ်ဘက်ကနေ ဝင်လာတာကို တွေ့ရတယ်လို့ စစ် တပ်တာဝန်ရှိသူက ပြောပါတယ်။
တာဝန်ရှိသူတွေက စစ်ဆေးဖို့ရပ်မိန့်ပေးလိုက်တဲ့အခါ အဆိုပါလူတွေက အထုတ်တွေပစ်ပြီး မှောင်ရိပ်ခိုကာ တောထဲထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၆ ရက် မနက် ၅ နာရီလောက်မှ စစ်ကြောင်းမှူးနဲ့အတူ သွားရောက်စစ်ဆေးရာမှာ ကျောပိုးအိတ်အသွင်ပြောင်းထားတဲ့ မြွေရေခွံအိတ် ၁၃ လုံး ပြန့်ကြဲနေတာ တွေ့ရတယ်၊ အိတ် ၁ လုံးစီရဲ့ အထဲမှာ စိတ်ကြွဆေးပြား ၂ သိန်းစီ ပါဝင်တာကြောင့် စုစုပေါင်း စိတ်ကြွဆေးပြား ၂၆ သိန်းကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
အဲဒီနေရာဟာ မြန်မာနယ်စပ်နဲ့ ၁ ကီလိုမီတာခွဲအကွာသာရှိပြီး တဘက်ခြမ်းမှာတော့ မိုင်း ဆတ်ခရိုင်ထဲက တောင်ပိုင်း ဝ စစ်တပ်ထိန်းချုပ်နယ်မြေရှိပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ညကလည်း ချင်းရိုင်းခရိုင် မယ်ဖာ့လုံမြို့နယ်နဲ့ မယ်ဆိုင်မြို့နယ် မြန်မာနယ်စပ် နေရာ ၂ ခုမှာ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ၂ ကြိမ်ပစ်ခတ်မှုရှိခဲ့ပြီး အိုက်စ်မူးယစ်ဆေး စုစုပေါင်းအလေးချိန် ၄၅၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပါသေးတယ်။
Source: Maesaipress