ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ ပိုင်းမြို့နယ်နဲ့ မျက်နှာချင်းဆိုင် နယ်စပ်ဒေသမှာ ထိုင်းစစ်တပ်နဲ့ UWSA ‘ဝ’ တပ်ဖွဲ့တို့ကြား နယ်မြေအငြင်းပွားမှုဖြစ်ပြီး စစ်ရေးတင်းမာနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ထိုင်းကာကွယ်ရေးဝန်ကြီး ကတော့ ပစ်ခတ်တဲ့အဆင့်ထိ မရောက်စေဘဲ နိုင်ငံအချင်းချင်း ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းမယ်လို့ ပြောပါတယ်။
ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံကြား နယ်ခြားမျဉ်းတွေ အတိအကျ တိုင်းထွာသတ်မှတ်လို့ မရသေးတဲ့ နေရာတွေ ရှိသေးတယ်၊ မြန်မာနဲ့တင်မကဘူး၊ လာအိုနိုင်ငံ ကုန်းကြောင်းနယ်စပ်မှာလည်း ရှိတယ်၊ အရင်ပတ်က သွားဆွေးနွေးခဲ့သေးတယ်၊ အာဆီယံအဆင့်နဲ့ ဆွေးနွေးခဲ့ရတာလည်း ရှိပါတယ်၊ ဒါဟာ ပုံမှန်ဖြစ်နေကျပါ။ အခြေအနေကလည်း ပုံမှန်ပါပဲ။ လက်နက်သုံးပြီး မဖြေရှင်းပါဘူး။ နိုင်ငံအဆင့်နဲ့ ဆွေးနွေးညှိနှိုင်းမယ်၊ မြန်မာနယ်စပ်ကိစ္စ အရင်ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် ကန့်ကွက်စာပေးပို့ခဲ့ဖူးတယ်၊ မြန်မာအစိုးရကတော့ လောလောဆယ် သူတို့နိုင်ငံ တည်ငြိမ်မှုမရှိသေးလို့ မဆွေးနွေးနိုင်သေးဘူးလို့ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းဖုမ်းထမ်း ဝေ့ချယချိုင်းက နိုဝင်ဘာ ၂၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
နှစ်ဖက်တပ်က လက်နက်တွေဆင်ပြီး အသင့်ပြင်နေတဲ့ကိစ္စမှာလည်း ဘယ်စစ်တပ်မဆို လက်နက်တွေ အမြဲအသင့်ပြင်တာ သူတို့အလုပ်ပါပဲ၊ အခုမှမဟုတ်ဘူး၊ နယ်ခြားမျဉ်းတွေ ဆန်းစစ်တိုင်းထွာ သတ်မှတ်တာတွေ မလုပ်နိုင်သေးခင်တော့ မိမိယုံကြည်တဲ့နယ်မြေကို ကိုယ်စီ စောင့်ရှောက်ကြတယ်၊ ထိုင်းအနေနဲ့လည်း မိမိအချုပ်အခြာအာဏာကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်နေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။
အလားတူ ထိုင်းမြောက်ပိုင်းဒေသ လုံခြုံရေးကို တာဝန်ယူထားရတဲ့ အမှတ် ၃ စစ်တိုင်းဒေသ ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး ရုန့်ခွန်း မဟာပန်းယားဝုန်းကလည်း ချင်းမိုင်၊ ချင်းရိုင်း၊ မယ်ဟောင်ဆောင်ဒေသရှိ ကီလိုမီတာပေါင်း ၁,၉၂၆ ရှည်လျားတဲ့ မြန်မာနယ်စပ် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်နေတယ်၊ သက်ဆိုင်ရာ မြို့နယ်အဆင့် နယ်ခြားကော်မတီ TBC၊ ဒေသအဆင့် နယ်ခြားကော်မတီ RBC၊ အဆင့်မြင့်ကော်မတီ HLC တို့နဲ့ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးတာရှိတယ်၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးပြဿနာ၊ တရားမဝင် နယ်စပ်ဖြတ်ပြဿနာ၊ ဒုစရိုက်နှိမ်နင်းရေး ပြဿနာတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။
ထိုင်းမြောက်ပိုင်း ချင်းရိုင်းကနေ ရနောင်းခရိုင်ထိ ကုန်းကြောင်းရော၊ ရေကြောင်းပါ တိကျတဲ့ နှစ်နိုင်ငံပိုင်နက် တိုင်းထွာသတ်မှတ်တာတွေ မလုပ်နိုင်သေးတဲ့နေရာတွေ ရှိတယ်။ နယ်မြေအငြင်းပွားမှု ဖြစ်တယ်ဆိုတဲ့ မယ်ဟောင်ဆောင်ဘက်က အခြေအနေဟာ ပုံမှန်ရှိနေတယ်၊ ကောင်းမွန်တဲ့ အခြေအနေရှိတယ်၊ ပြည်သူတွေ နေ့စဉ်ဘဝ ပုံမှန်သွားလာနေတယ်လို့ အမှတ် ၃ စစ်တိုင်းဒေသ ပြောခွင့်ရက ပြောသွားပါတယ်။
‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ထိုင်းစစ်တပ်တို့အကြား နယ်မြေအငြင်းပွားမှုကြောင့် အလွန်တင်းမာတဲ့ အခြေအနေကို ရောက်ရှိနေကြောင်း၊ လာမယ့် ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထားပြီး ထိုင်းစစ်တပ်က သူတို့ပိုင်တယ်လို့ ပြောထားတဲ့ နေရာ ၇ ခုကနေ ‘ဝ’ တပ်ဖွဲ့ကို ဆုတ်ခွာပေးဖို့ ပြောထားတဲ့အကြောင်း ထိုင်းသတင်း Khaosod မှာ ရေးသားထားပါတယ်။
ဒါပေမဲ့ ‘ဝ’ တပ်ဖွဲ့ကတော့ အဲဒီနေရာတွေကို သူတို့ပိုင်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။ ဒါကြောင့် ‘ဝ’ တပ်ဖွဲ့က ထိုင်းစစ်တပ်နဲ့ ရင်ဆိုင်ဖို့အတွက် ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ နေရာချထားသလို စစ်စခန်းတည်ရှိတဲ့ နေရာတွေကိုလည်း မှတ်သားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒွိုင်းဟွာမာနဲ့ နောင်လူအန်း အပါအဝင် နောက်ထပ်နေရာ ၅ ခုက စစ်အခြေစိုက်စခန်းတွေကို ဆုတ်ခွာပေးရေးဆိုတဲ့ ထိုင်းရဲ့ တောင်းဆိုချက်အပေါ်မှာလည်း လက်မခံနိုင်တဲ့အကြောင်း တုံ့ပြန်ထားပါတယ်။
အဲဒီနေရာတွေဟာ ထိုင်းနိုင်ငံရဲ့ ပိုင်နက်ထဲမှာ မပါဘူးဆိုပြီး ‘ဝ’ တပ်ဖွဲ့အနေနဲ့ ဖြည့်စွက်ပြောပါတယ်။ ထိုင်းဘက်ကလည်း ခြေလျင်တပ်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ အငြင်းပွားရာ ဧရိယာတွေနားမှာ လက်နက်ကြီးတွေ နေရာချထားပါတယ်။
‘ဝ’ တပ်စခန်းတွေ ပြန်ဆုတ်ပေးဖို့ ထိုင်းဘက်က ဖယ်ခိုင်းနေတဲ့ နေရာဟာ မြန်မာပိုင်နက် နယ်မြေအဖြစ် ပြောဖို့ခက်တယ်လို့ နအဖ စစ်အစိုးရလက်ထက်တုန်းက အဲဒီ အငြင်းပွားနယ်နိမိတ်ကို တာဝန်ယူ လေ့လာစိစစ်ပေးခဲ့ရသူက ပြောပါတယ်။
မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံကြားမှာ နယ်မြေအငြင်းပွားမှုတွေ ရှိနေခဲ့တဲ့ နေရာတွေထဲမှာ လက်ရှိ ‘ဝ’ တပ်ဖွဲ့ရဲ့ တပ်စခန်းတွေရှိနေတဲ့ ထိုင်းနိုင်ငံ မဲဟောင်ဆောင်နယ်စပ်က နယ်မြေလည်း ပါတယ်လို့ နအဖ စစ်အစိုးရရဲ့ တာဝန်ပေးမှုကြောင့် အဲဒီ အငြင်းပွားဖွယ်နယ်မြေကို လေ့လာစိစစ်ပေးခဲ့ရတဲ့သူက ပြောပါတယ်။
အဲဒီအချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့်က ဘိန်းဘုရင် ခွန်ဆာရဲ့ တပ်တွေကို တိုက်ခိုက်ချိန်မှာ စစ်တပ်ဘက်က ကူတိုက်ပေးခဲ့တဲ့ ‘ဝ’ တပ်ဖွဲ့ကို နှစ်နိုင်ငံ ဒေသခံလူထုတွေ နေထိုင်ခြင်းမရှိတဲ့နယ်မြေ ဖြစ်တာကြောင့် ‘ဝ’ တပ်ဖွဲ့ အခြေချစခန်းတွေအဖြစ် ပေးထားခဲ့တာဖြစ်ပေမဲ့ အဲဒီနယ်မြေဟာ မြန်မာနိုင်ငံပိုက်နက်နယ်မြေအဖြစ် ပြောဖို့ခက်သလို အဲဒီကိစ္စကြောင့် ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ ပဋိပက္ခဖြစ်လာဖို့လည်း မရှိနိုင်ဘူးလို့ ဆိုပါတယ်။
အဲဒီတာဝန်ကို ယူခဲ့ရတဲ့သူဟာ လက်ရှိမှာ လုံခြုံရေးအရ အမည်ဖော်မပြောလိုဘဲ နအဖ လက်ထက်က ဝန်ကြီးဌာနတခုရဲ့ ညွှန်ချုပ်တာဝန် ယူခဲ့ရသူ ဖြစ်ပါတယ်။
“အင်္ဂလိပ်တွေ နယ်မြေစည်းတားသွားတာကနေ ပြဿနာ စဖြစ်တာပဲ။ အဲဒီနယ်မြေ မူရင်းစာချုပ်က အိန္ဒိယအစိုးရရုံးမှာ ပျောက်သွားတယ်။ မိတ္တူတွေပဲ ကျန်ခဲ့တာ။ ထိုင်းကလည်း အဲဒီနယ်မြေက သူတို့နယ်ပေါ့ အငြင်းပွားကြတယ်။ အမှန်က ‘ဝ’ ကလည်း သူ့နယ်မြေမဟုတ်ဘူး။ စစ်တပ်က ဘယ်သူမှလည်း အဲမှာမနေတာ့ ခွန်ဆာကို ကူတိုက်ပေးလို့ ပေးခဲ့တာ။ အဲဒီအချိန်က တရုတ်ကလည်း မဖွံ့ဖြိုးသေးဘူး။ ဗကပ ကလွဲပြီး ကျန်တဲ့အဖွဲ့ အားလုံးက နိုင်ငံခြားလက်နက်နဲ့ပတ်သက်လို့ ထိုင်းနယ်စပ်ကို ထွက်ပေါက်ယူကြတာ။ အငြင်းပွားနယ်မြေပဲ။ လက်ရှိမှာလည်း စစ်ကောင်စီဘက်က သူတို့အာဏာသက်ရောက်မှု ရှိမနေတဲ့ နယ်မြေဖြစ်သလို ထိုင်းနဲ့မြန်မှာကလည်း နှစ်နိုင်ငံဆက်ဆံရေး အားကောင်းကြတာ ဆိုတော့ ဘာမှမဟုတ်တာလေးနဲ့ နိုင်ငံစစ်ဖြစ်တဲ့အထိတော့ အဖြစ်ခံကြမှာမဟုတ်ပါဘူး။”
ထိုင်းနိုင်ငံဘက်ကတော့ နှစ်နိုင်ငံ နယ်နိမိတ် မသတ်မှတ်ရသေးတဲ့ နယ်မြေမှာ ဝင်ရောက် တပ်စွဲထားတဲ့ ‘ဝ’ တပ်ဖွဲ့ရဲ့ စခန်း ၉ ခုကို ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ထိုင်းဘက်က ပြောဆိုထားသလို အဲဒီကိစ္စအတွက် အောက်ခြေအဆင့်မှာ ဖွဲ့ထားတဲ့ နှစ်နိုင်ငံ တာဝန်ရှိသူတွေကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ထိုင်းစစ်တပ်ဘက်က ပြောပေမဲ့ မြန်မာဘက်က တာဝန်ရှိသူဆိုတာ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ တိတိကျကျ မပြောဆိုထားပါဘူး။
‘ဝ’ တပ်ဖွဲ့ဘက်ကတော့ ထိုင်းနယ်စပ်မှာရှိနေတဲ့ သူတို့တပ်စခန်းတွေကို ထိုင်းအစိုးရဘက်က ဖယ်ရှားခိုင်းတယ်ဆိုတာ မှန်ကန်ကြောင်း ပြောဆိုသလို အဲဒီကိစ္စက နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဖြေရှင်းရမယ့်ကိစ္စ ဖြစ်တာကြောင့် သက်ဆိုင်ရာ အကြီးအကဲတွေဆီက တင်ပြထားတယ်လို့ ‘ဝ’ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ပြောပါတယ်။
ထိုင်းနိုင်ငံဘက်က ဖယ်ခိုင်းနေတဲ့ ‘ဝ’ တပ်ဖွဲ့ရဲ့ စစ်စခန်းတွေဟာ ‘ဝ’ ပြည်နယ်တောင်ပိုင်း ၁၇၁ စစ်ဒေသ လက်အောက်ခံတပ်စခန်းတွေဖြစ်ပြီး အဲဒီစခန်းတွေကို ဖယ်ပေးဖို့ ထိုင်းဘက်က မြန်မာအစိုးရဘက်ကို မကြာခဏ တောင်းဆိုခဲ့ဖူးပါတယ်။
Source: CH3 TV News / TOP News