Home
နိုင်ငံတကာ
အစ္စရေး-ဟစ်ဇ်ဘိုလာ အပစ်ရပ်ရန် သဘောတူညီဟု ဘိုင်ဒင်ကြေညာ
DVB
·
November 27, 2024
Photo : Reuters

အစ္စရေးနဲ့ အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပစ်အခတ်ရပ်စဲမှုဟာ နိုဝင်ဘာ ၂၇ ရက်က စတင်အသက်ဝင်မှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာပါတယ်။

အမေရိကန်နဲ့ ပြင်သစ်တို့ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကို နှစ်ဖက်စလုံးက သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးလုံခြုံရေးကက်ဘိနက်မှာ ၁၀ မဲ - ၁ မဲနဲ့ မဲခွဲအတည်ပြုပြီးခဲ့တဲ့နောက်မှာ အပစ်ရပ်ဖို့ကိစ္စ ဘိုင်ဒင်က အိမ်ဖြူတော်ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဘိုင်ဒင်ဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ရော လက်ဘနွန် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် နာဂျစ်မီကာတီနဲ့ပါ ဆက်သွယ်ပြောဆိုပြီးဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေဟာ ဒေသစံတော်ချိန် မနက် ၄ နာရီမှာ ရပ်တန့်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသဘောတူညီချက်ဟာ အမြဲတမ်း အပစ်ရပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အစ္စရေးရဲ့ လုံခြုံရေးကို ဟစ်ဇ်ဘိုလာနဲ့ တခြားအကြမ်းဖက်အဖွဲ့အစည်းတွေက မခြိမ်းခြောက်မချင်း တည်တံ့မှာ ဖြစ်တယ်လို့ ဘိုင်ဒင်က ဆိုပါတယ်။

လက်ဘနွန်နိုင်ငံရဲ့ အစ္စရေးနယ်စပ်ဘက်ခြမ်းမှာ ဟစ်ဇ်ဘိုလာတွေက အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်မှု မပြုနိုင်ရေး သေချာစေဖို့ လက်ဘနွန်စစ်တပ်က နယ်မြေပြန်လက်လွှဲယူရမှာဖြစ်ပြီး အစ္စရေးတပ်တွေက ရပ် ၆၀ အတွင်း တဖြည်းဖြည်းဆုတ်ပေးမှာ ဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီးကတော့ အစ္စရေးတပ်တွေ ဆုတ်ပေးတာနဲ့ လက်ဘနွန်တပ်ဖွဲ့ဝင် ၅,၀၀၀ လောက် နယ်စပ်မှာ တပ်စွဲပေးဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

နေတန်ယာဟုကတော့ အပစ်ရပ်ဖို့ အသင့်ရှိပေမဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေဘက်က ချိုးဖောက်မှုလုပ်တာနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ဆိုပါတယ်။

ဟစ်ဇ်ဘိုလာတပ်ဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ရှင်းလင်းနိုင်ခဲ့သလို သူတို့ရဲ့ ရော့ကတ် ဒုံးကျည်တွေ အများစုကို ဖျက်ဆီးနိုင်ခဲ့တယ်၊ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ရှင်းလင်းနိုင်ခဲ့သလို နယ်စပ်က အကြမ်းဖက် အခြေခံအဆောက်အအုံတွေကိုလည်း ရှင်းပစ်နိုင်ခဲ့တယ်လို့ နေတန်ယာဟုက ဆိုပါတယ်။

ဒါပေမဲ့ အစ္စရေးအစိုးရအဖွဲ့တွင်းမှာတင် အပစ်ရပ်တာကို ကန့်ကွက်သူတွေ ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ်ရပ်စဲရေး စပြီးအသက်ဝင်မယ့် ဂရင်းနစ်စံတော်ချိန် မနက် ၂ နာရီထိုးပြီးနောက် မကြာမီ လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ နိုဝင်ဘာ ၂၇ ရက် အစောပိုင်းက လိမ္မော်ရောင် တောက်ပနေတဲ့ အရာဝတ္ထုတွေ ကောင်းကင်ဆီ ပစ်ခတ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

သီးခြား လွတ်လွတ်လပ်လပ် အမျိုးအစားခွဲခြားလို့မရတဲ့ အရာဝတ္ထုတွေကို မနက် ၂ နာရီ ၂၄ မိနစ်နဲ့ ၂ နာရီ ၃၃ မိနစ်တို့မှာ ကောင်းကင်ဆီ အသီးသီး ပစ်လွှတ်ခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။

ပေါက်ကွဲသံတွေ ကြားနေရပေမဲ့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားတဲ့ ဘေးကင်းရေး သတိပေးချက်တွေကို မသိလိုက်ဘဲ လွတ်သွားတဲ့ ဒေသခံတွေကို သတိပေးဖို့ သေနတ်ပစ်ခတ်တာတွေကို သုံးတတ်လို့ အခုကြားရတဲ့ ပေါက်ကွဲသံတွေက သတိပေးတာလား အောင်ပွဲခံတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အပစ်အခတ်ရပ်စဲရေးဟာ မနှစ်က ဂါဇာစစ်ပွဲ စတည်းက လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ အစ္စရေး-လက်ဘနွန် နယ်စပ်တလျှောက် ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ကတိပြုထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013