Home
မြန်မာသတင်း
ငွေကြေးလိုအပ်ချက်ကြောင့် ကျွန်းလှမြို့ကို ဦးဝါသဝ၏ ပြည်သူ့စစ် စစ်ကြောင်းထိုး
DVB
·
November 26, 2024

ငွေကြေးလိုအပ်လာရင် ရွာတွေကို စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုး လူသတ်၊ ပစ္စည်းယူကာ နေအိမ်တွေကို မီးရှို့လေ့ရှိတဲ့ ဦးဝါဝသ ပြည်သူ့စစ်အဖွဲ့က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ကို စစ်ကြောင်းထိုးနေတာ ဒီနေ့ဆိုရင် ၇ ရက်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကျွန်းလှမြို့နယ်ထဲက မဒေါင်၊ လွှတ်တိုက်၊ ဆွဲလှဲ၊ ကုက္ကိုကုန်းနဲ့ တောင်ယာဆိပ်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာနီးပါးကို PDF နဲ့ဆက်နွှယ်တဲ့ ရွာတွေဆိုပြီး နမခတိုင်းမှူးကို တင်ပြကာ ခမရ ၃၆၁ တပ်ရင်း၊ တကရ ၆၀၀၆ တပ်ရင်းနဲ့ ပေါင်းပြီး စစ်ကြောင်းထိုးခဲ့တာလို့ ထွေအုပ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“စစ်တပ်က သိပ်မထောက်ပံ့တော့ စစ်ကြောင်းထိုးရင် ရွာတွေက ခိုးဝှက်လို့ရနေတာ သိတော့ ရွာတွေကို ပစ်မှတ်ထား စစ်ကြောင်းထိုးတာ၊ အခု စစ်ကြောင်းထိုးတဲ့ ရွာတွေကို PDF ရွာတွေလို့ နမခကို တင်ပြပြီး စစ်ကြောင်းထိုးတာ၊ မနေ့က ၆၀၀၆ တပ်ရင်းမှူးမွေးနေ့မှာ ဝါသဝက သိန်း ၂၀၀ မုန့်ဖိုးပေးတယ်ဆိုတော့ စဥ်းစားကြည့်လို့ရတယ်။”

ဦးဝါသဝ ပြည်သူ့စစ်အဖွဲ့နဲ့ပါတဲ့ ခမရ ၃၆၁ တပ်ရင်းဟာ ကန့်ဘလူ၊ တန့်ဆည်နဲ့ ကျွန်းလှတဝိုက် စစ်ကြောင်းထိုးခဲ့တဲ့ ရွာတွေမှာ လူကိုသတ် ဗိုက်ကိုခွဲကာ အူတွေကို ချိတ်ဆွဲခဲ့တဲ့အထိ ရက်စက်ကြမ်းကြုတ်လှတဲ့ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံတပ်တခု ဖြစ်တယ်လို့ ဒေသခံသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ခမရ ၃၆၁ က စစ်သားတွေက လူစိတ်မရှိဘူး။ သူတို့စစ်ကြောင်းဝင်သွားတဲ့ ရွာတွေဆို မုဒိမ်းကျင့်တယ်၊ ပစ္စည်းယူတယ်၊ မသင်္ကာတဲ့သူ သတ်ပစ်တယ်၊ အားလုံးပြီးလို့ ရွာကထွက်သွားရင် အိမ်တွေမီးရှို့သွားတာ၊ သင်္ကြန်မတိုင်ခင် တန့်ဆည်ဘက်က သာကေတရွာမှာ ရွာသားတယောက်ကို ဗိုက်ကိုခွဲပြီး အူတွေဆွဲထုတ်သွားတယ်။ ဝါသဝက ခမရ ၃၆၁ နဲ့ပေါင်းပြီး ရွာတွေကို ဒုက္ခပေးနေတာ။”

ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာ ၁၂ ရွာနီးပါးကို စစ်ကြောင်းထိုးရာမှာ စစ်ကောင်စီဘက်က ကလေးမြို့အခြေစိုက် ခမရ ၃၆၁ တပ်ရင်းနဲ့ ကန့်ဘလူမြို့နယ် တင့်ကားတပ်ရင်း တကရ ၆၀၀၆ ပါဝင်ပြီး ဦးဝါသဝ ပြည်သူ့စစ်အဖွဲ့ဘက်က ကန်ဘလူ၊ ကျွန်းလှ၊ ဇီးကုန်း၊ တန့်ဆည်နဲ့ ခင်ဦးမြို့နယ်က ပြည်သူ့စစ်အဖွဲ့တွေ ပါဝင်ပါတယ်။

မြေပြင်စစ်ကြောင်းထိုးသလို လေကြောင်းကပါ ဗုံးကြဲနေတဲ့အတွက် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာက ဒေသခံ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

အခုနှစ် ဧပြီလကနေ နိုဝင်ဘာ ၂၄ ရက်အထိ ဝါသဝပြည်သူ့စစ်အဖွဲ့ စစ်ကြောင်းထိုး နေအိမ်တွေ မီးရှို့သွားလို့ ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ၊ ဇီးကုန်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူ ထောင်နဲ့ချီရှိပါတယ်။

ဝါသဝပြည်သူ့စစ်အဖွဲ့ကို ဦးဝါသဝ ဦးဆောင်ပြီး အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းမှူးနဲ့ ငွေကြေးထောက်ပံ့ကာ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို အမှတ် ၃၆၁ ခြေမြန်တပ်ရင်းက စစ်သင်တန်းနဲ့ ဒရုန်းသင်တန်းတွေ သင်ပေးနေတာပါ။

ဦးဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ တိုင်းမှူးနဲ့ ဗျူဟာမှူးတွေက ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်အထိ စစ်လက်နက်ထောက်ပံ့မှု ၄ ကြိမ်၊ ဒရုန်းထောက်ပံ့မှု ၁ ကြိမ်၊ ငွေကြေးစားနပ်ရိက္ခာ ထောက်ပံ့မှု ၆ ကြိမ်အထိ ထောက်ပံ့ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013