ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း အာလာ့ဂိုဝါစ်ပြည်နယ်မှာ နိုဝင်ဘာ ၂၄ ရက်က ဘတ်စ်ကား တစီး တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ ၁၈ ယောက်သေဆုံးပြီး ၂၈ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဝန်ကြီးက နိုဝင်ဘာ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အာလာ့ဂိုဝါစ် ပြည်နယ်မှာ နေထိုင်သူတွေဟာ ဘတ်စ်ကား မတော်တဆမှုကြောင့် သေဆုံးသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ တောထဲကိုသွားခဲ့ကြပြီး အရှေ့မြောက်ပိုင်း အူနီယို ဒို့စ်ပါးလ်မာရိစ်မြို့နေ ဒေသခံတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ခဲ့ကြပါတယ်။
ဘတ်စ်ကား မတော်တဆမှု ကြုံရသူ ၄၈ ယောက်ထဲမှာ အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားခဲ့ကြသူ ၁၆ ယောက်ရှိပြီး သူတို့ထဲမှာ အနီးအနား ဆေးရုံကို ရွှေ့ပေးဖို့ လုပ်နေတုန်း သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်လည်း ပါဝင်ပါတယ်။
ကယ်ဆယ်နိုင်ခဲ့တဲ့ အသက် ၄ နှစ် အရွယ် ကလေးတယောက်ကို မာတာဒေသဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ ဆေးရုံရောက်ပြီးနောက်မှာ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ကြောင်း နောက်ဆုံး အတည်ပြုထားကြောင်း အတွင်းရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျန် ၃၁ ယောက်ကတော့ ဆေးရုံတင်ထားရဆဲ ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
မတော်တဆမှုရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိပေမဲ့ ဘတ်စ်ကားဟာ ဒေသတွင်းရှိ ချောက်ကမ်းပါးတခုပေါ်မှာ တိမ်းမှောက်သွားခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အာလာ့ဂိုဝါစ်ပြည်နယ် အုပ်ချုပ်ရေးမှူး ပေါ်လို ဒန်တာ့စ်က သေဆုံးသွားသူတွေအတွက် ၃ ရက်ကြာ ဝမ်းနည်းပူဆွေးမှုနေ့ အဖြစ် သတ်မှတ်ခဲ့ပါတယ်။
Source: Reuters