ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက် ညက ရေတွင်းဟောင်းထဲပြုတ်ကျနေတဲ့ တရုတ်နိုင်ငံသားတယောက်ကို ထိုင်းနယ်ခြားစောင့်တပ်က ကယ်တင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင် လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်က မဲဆောက်မြို့နယ် ထာ့ဆိုင်လုတ်အုပ်စု ဝမ်းတခိန်းတိုက်ကျေးရွာအနီး တောအုပ်ထဲကနေ ထူးဆန်းတဲ့အော်သံကို ရွာသားတွေက ကြားခဲ့ရပါတယ်။
အဆိုပါအသံမှာ ထိုင်းဘာသာလည်း မဟုတ်၊ စကားသံလည်း မသဲကွဲဘဲ လိုဏ်ခေါင်းထဲက ပဲ့တင်သံလို ဖြစ်နေတာကြောင့် ရွာသားအချို့က တစ္ဆေသရဲသံထင်ပြီး ထိတ်လန့်နေကြတယ်၊ ရွာသားတွေက နယ်ခြားစောင့်စစ်တပ်ကို အကြောင်းကြားခဲ့ပြီး နိုဝင်ဘာ ၂၄ ည ၈ နာရီခွဲလောက်မှာ တာဝန်ရှိသူတွေက အသံလာရာနောက်ကို သွားစစ်ဆေးတယ်။ အဆိုပါအသံမှာ တွင်းဟောင်းကြီးတခုထဲက ထွက်လာတာကြောင့် ဓာတ်မီးထိုးပြီး ကြည့်လိုက်ရာမှာ အသက် ၃၀ အရွယ်ရှိ အမျိုးသားတယောက် အင်္ကျီမပါ ကျောဗလာနဲ့ တွင်းထဲ ပြုတ်ကျနေတာ တွေ့ရတာပါ။
သူဟာ လွန်စွာနွမ်းနယ်အားပျော့နေပြီး တရုတ်ဘာသာစကားနဲ့ အကူအညီတောင်းနေတာ ဖြစ်ပါတယ်။ အဆိုပါအမျိုးသားမှာ အနက် ၁၀ မီတာခန့်ရှိ ရေတွင်းဟောင်းထဲ ကျနေတာ ၃ ရက်ရှိပြီလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူ့ကိုကြိုးနဲ့ချည်ကာ အပေါ်ကိုဆွဲတင်ပေးပြီး မဲဆောက်ဆေးရုံကြီးကို ပို့ပေးလိုက်ကြတယ်။ သူဟာ တွင်းထဲမှာ အစာရေစာပြတ်ပြီး အားပျော့နေတာကြောင့် ဖြစ်ကြောင်းကုန်စင်ကို စစ်ဆေးမေးမြန်းလို့ မရသေးပါဘူး။
အဲဒီနေရာဟာ လည်ပတ်စရာနေရာလည်း မဟုတ်တာကြောင့် ကမ္ဘာလှည့်ခရီးသွားလည်း မဖြစ်နိုင်၊ သောင်ရင်းမြစ်နဲ့ နီးကပ်တာကြောင့် မြန်မာဘက်ခြမ်း ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးလာတယ်လို့ ယူဆတယ်၊ သူ့မှာ အထောက်အထားမရှိတာကြောင့် တောလမ်းကနေ ထွက်ပြေးလာပြီး မြက်ရိုင်းတွေ ဖုံးနေတဲ့ တွင်းနက်ထဲကို လိမ့်ကျသွားတာ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုပါတယ်။
ကိုးကား - AEC အာဆီယံထိုင်းသတင်း / Thairath / Amarin TV