Home
မြန်မာသတင်း
အမျိုးသားအောင်ပွဲနေ့ပျော်ပွဲရွှင်ပွဲ ခေါင်းစဉ်တပ်ပြီး ရေကျော်ပွဲဈေး ပြန်ကျင်းပ
DVB
·
November 24, 2024

သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရေကျော်ပွဲဈေးကို စစ်ကောင်စီက အမျိုးသားအောင်ပွဲနေ့ ဆိုတဲ့ခေါင်းစဉ်နဲ့ ၅ ရက်ကြာ ကျင်းပနေပြီး အရင်လို မစည်ကားဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှာ ကျင်းပလေ့ရှိတဲ့ အထင်ကရပွဲတော်တွေထဲကတခုဖြစ်တဲ့ ရေကျော်ပွဲဈေးကို သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိပေမဲ့ စစ်ကောင်စီကတော့ အမျိုးသားအောင်ပွဲနေ့လို့ ခေါင်းစဉ်တပ်ပြီး နိုဝင်ဘာ ၂၂ ရက်ကနေ ၂၆ ရက်အထိ ၅ ရက် ပြုလုပ်နေတာပါ။

၄ နှစ်ကြာ ရပ်နားခဲ့တဲ့ ရေကျော်ပွဲဈေးကို သွားရောက်ခဲ့တဲ့ ရန်ကုန်မြို့ခံတယောက်ကတော့ ပွဲဈေးက စည်ကားပေမဲ့ အရင်လိုပုံစုံနဲ့ စည်တာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။

“ဟိုးအရင်တုန်းက sample (နမူနာ)တွေ ဘာတွေ တိုက်တယ်လေ။ ကုမ္ပဏီလေးတွေတို့ ဘာတွေတို့ အများကြီးပဲ။ ကစားစရာဆိုင်တွေလည်း အများကြီးပဲ။ မနေ့ကသွားတာကတော့ ကစားစရာက ချားရဟတ်က ၃ ခု၊ လှည့်တဲ့ဟာ ၃ ခု၊ ပင်လယ်ဓားပြကြီးတခု ရှိတယ်။ ကျန်တာက လမ်းဘေးဈေးဆိုင်တွေချည်းပဲ။ စည်တာကတော့ ပြန်စည်တာပေါ့၊ အမှန်ပြောရရင် လူတွေက ပွဲတော့ နည်းနည်းငတ်နေတာ၊ အရင်လိုပုံစံမဟုတ်ဘူး။ လူတွေက သွားစရာလည်စရာ မရှိတော့ဘူး။ ဖွင့်ပေးလိုက်တော့ လာလည်တဲ့သဘောပဲ။ စည်ကားပြီးတော့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပွဲဖြစ်နေတာ မဟုတ်ဘူး။ ဈေးဆိုင်ဆိုတာ တကယ်တမ်းက လာတဲ့သဘောပဲရှိတာ။ လူတွေက ဝင်တိုး၊ တိုးပြီးတော့ တပတ်ပတ်ပြီး ပြန်ထွက်ဒါပဲ။ ဟိုတုန်းက စည်တယ်ဆိုတာက ရေကျော်တခုလုံးကြီးကို သိမ်းလိုက်တာလေ။ အခုက စည်တယ်ဆိုတာကလည်း ရေကျော်တလမ်း စည်တာပေါ့” လို့ ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ မသီတာကတော့ ရေကျော်ပွဲဈေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေရှိပြီး အခုတခေါက်ကျင်းပတဲ့ ပွဲဈေးကိုသွားချင်ပေမဲ့လည်း ညဘက်ဆို မလုံခြုံတာကြောင့် မသွားဖြစ်ဘူးလို့ ပြောပါတယ်။

“အရင်တုန်းကတော့ မုန့်လျှောက်စားတယ်၊ ရဟတ်စီးတယ်၊ ပင်လယ်ဓားပြစီးတယ်၊ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံတွေ ဘာတွေရိုက် အဲလိုမျိုးလေးပေါ့။ အရင်တုန်းကဆိုရင်တော့ သွားဖြစ်တာပေါ့။ ဒါပေမဲ့ အခုတော့ မသွားဖြစ်ဘူးဆိုတာက ညဘက်ဆိုရင်လည်း မလုံခြုံတော့ဘူးလေ။ ပြောရမယ်ဆိုရင် ပွဲဈေးဆိုတော့သိတဲ့အတိုင်း နည်းနည်းပါးပါး နောက်ကျမယ်၊ ဟိုပတ်ဒီပတ်နဲ့ ၉ ခွဲ ၁၀ နာရီလောက်မှ ဟိုကနေ ပြန်ချင်တာမျိုးလေ။ ည ၁၀ နာရီဆိုတာက အပြင်ထွက်လို့ကောင်းတဲ့ အချိန်မဟုတ်တော့ဘူး။ အဲတော့ အပုပ်ချိန်လည်း ဖြစ်သွားပြီဆိုတော့ မသွားဖြစ်တာပေါ့။ အခြေအနေတွေကလည်း မကောင်းဘူးဆိုတော့။ ဘယ်လိုအခြေအနေမျိုးမှာမှပြန်သွားမလဲဆိုတော့ သူတို့ မအုပ်ချုပ်တော့ဘူး ဆိုမှပဲ ပြန်သွားမှာပေါ့။”

၂၀၂၀ ခုနှစ် ကိုဗစ်ကာလမှာ စတင်ရပ်နားထားခဲ့တဲ့ ရေကျော်ပွဲဈေးကို ၄ နှစ်အကြာမှာ ပြန်လည် ကျင်းပတာဖြစ်ပြီး မတရားအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ သူတို့လက်ထက်မှာ အေးချမ်းနေသယောင်ပြသဖို့အတွက် ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေကို သူတို့ စိုးမိုးထားတဲ့ နယ်မြေတွေမှာ မရမက ပြန်လည်ပြုလုပ်နေတာဖြစ်ပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013