ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ်၊ မိုးဗြဲမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေကြောင့် နေရာရွှေ့ပြောင်းကြရပြီး အမိုးအကာနဲ့ သောက်သုံးရေ လိုအပ်နေတယ်လို့ မိုးဗြဲစစ်ရှောင်ကော်မတီဆီက သိရပါတယ်။
နိုဝင်ဘာလထဲမှာ မိုးဗြဲမြို့နားကို စစ်ကောင်စီက စစ်ကြောင်းထိုးအင်အားဖြည့်တာအပြင် လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာတွေကြောင့် မိုးဗြဲအနီး လယ်ကွက်တွေမှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင်စခန်း ၂ ခုက လူဦးရေ ၂,၀၀၀ လောက် နေရာရွှေ့ပြောင်းကြရတာလို့ ဆိုပါတယ်။
မိုးဗြဲစစ်ရှောင်ကော်မတီဝင်တယောက်က “အရင်တလောက ရေကြီးတော့ ရေဘေးလွတ်ရာဘက်ကို ရွှေ့ပြောင်းနေထိုင်ကြတာ။ ခုက စစ်ကောင်စီ လက်နက်ကြီးတွေ ပစ်နေတော့ နောက်တနေရာ ပြန်ရွှေ့ကြရတာပါ” လို့ ပြောပါတယ်။
မိုးဗြဲမြို့နယ်အတွင်းမှာ စစ်ရှောင်စခန်း ၈ ခုထက်မနည်းရှိပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု၊ စစ်ရေးတင်းမာမှု စတဲ့ ဘေးအမျိုးမျိုးကို ရှောင်ရှားနိုင်ဖိုအတွက် မူလနေရာထက် ပိုလုံခြုံမယ် ထင်ရတဲ့နေရာတွေကို ရွှေ့ပြောင်းနေထိုင်ကြရတာတွေ ရှိနေတာပါ။
အခုလို ရွှေ့ပြောင်းကြရလို့ နေရာထိုင်ခင်း၊ အမိုးအကာတွေနဲ့ သောက်သုံးရေ လိုအပ်ချက်တွေ ရှိနေပြီး ရွှေ့ပြောင်းရတာလည်း မလွယ်ကူဘဲ အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။
မိုးဗြဲမြို့နယ်အနီးအနားမှာ အခု နိုဝင်ဘာလထဲ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေရှိပြီး မိုးဗြဲ ၄၂၂ တပ်ကနေ လက်နက်ကြီးနဲ့ ပတ်ဝန်းကျင်ကို ပစ်ခတ်နေတာကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။