Home
မြန်မာသတင်း
သာကေတတွင် စားသောက်ဆိုင် မီးလောင်ရာက ဂက်စ်အိုးပေါက်ကွဲပြီး ၂ ဦးသေဆုံး
DVB
·
November 23, 2024
Photo-ပရဟိတအသင်း
Photo-ပရဟိတအသင်း

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၃ မာန်ပြေရပ်ကွက်က စားသောက်ဆိုင်တခုမှာ နိုဝင်ဘာ ၂၃ ရက် ဒီနေ့ မနက်ပိုင်းက မီးလောင်ခဲ့ပြီး ဂက်စ်အိုးဆိုင်ကိုလည်း ကူးစက်ပေါက်ကွဲခဲ့လို့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ယမုံနာလမ်းက ပိတောက်ရိပ်စားသောက်ဆိုင်မှာ မနက် ၁၀ နာရီလောက်က မီးလောင်ခဲ့တာဖြစ်ပြီး အနားက ဂက်စ်အိုးဆိုင်လည်းကူးစက်ပြီး ဂက်စ်အိုးတွေ တလုံးပြီးတလုံး ဆက်တိုက်ပေါက်ကွဲ မီးတောက်ကြီးနေတာကြောင့် အနားကပ်လို့မရဘဲ မီးသတ်ကားတွေနဲ့ အဝေးကနေ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

သာကေတမြို့နယ်မှာ နေထိုင်သူတယောက်‌က “ဂက်စ်အိုးထပေါက်ပြီး မီးလောင်မှုဖြစ်တာ။ ဒီကနေ့မနက် ၁၀ နာရီလောက်က ပိတောက်ရိပ် စားသောက်ဆိုင်မှာဖြစ်တာ။ ဆိုင်ဘေးအနီးကပ်မှာ ဂက်စ်အိုးဆိုင်ရှိနေတော့ မီးကူးစက်လောင်ပြီး ဂက်စ်ဆိုင်ထဲက ဂက်စ်အိုးတွေ တလုံးပြီးတလုံး ထပေါက်ကွဲလို အနားမကပ်ရဲအောင်ဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။

မီးလောင်ပြီး ၁၅ မိနစ်လောက်အကြာမှာ သာကေတမြို့နယ်မီးသတ်ကား ၃ စီးနဲ့မီးငြှိမ်းသတ်လို့ မီးညွန့်ကျိုးခဲ့ပေမယ့် ဂက်စ်အိုးပေါက်ကွဲတာတွေ ဆက်တိုက်ဖြစ်ပွားပြီး ထိခိုက်သေဆုံးတာတွေရှိလို့ တခြားမြို့နယ်တွေက မီးသတ်ကားတွေပါရောက်လာပြီး နာရီဝက်လောက်အကြာမှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို မီးလောင်မှုကိုသွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။

မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူတွေကို ရန်ကုန်မြို့မှာရှိတဲ့ လူမှုကူညီရေးပရဟိတအဖွဲ့တွေက အချိန်မီဆေးကုသပေးခဲ့ပြီး မီးလောင်ရာကို ပရဟိတအသင်းအဖွဲ့ ၆ ဖွဲ့လောက် လာရောက် ကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တယ်လို သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013