ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၊ ခိုက်ဘာပက်တွန်ခွာပြည်နယ်ရှိ ကူရမ်လူမျိုးစုနယ်မြေမှာ နိုဝင်ဘာ ၂၁ ရက်က ခရီးသည်တင်ယာဉ်တွေကို သေနတ်သမားတွေက ပစ်ခတ်ခဲ့ရာမှာ အနည်းဆုံး လူ ၃၈ ယောက် သေဆုံးပြီး ၂၉ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အတွင်းရေးမှူး နာဒီးမ် အက်စ်လမ်ချောင်ဒရီက ပြောကြားပါတယ်။
တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာ အမျိုးသမီးတယောက်နဲ့ ကလေးတယောက်တို့လည်း ပါဝင်ကြောင်းနဲ့ ဒီကြေကွဲဖွယ်ဖြစ်ရပ်ကြီးထဲမှာ သေဆုံးသူဦးရေ တိုးလာဖွယ်ရှိကြောင်းလည်း ချောင်ဒရီက ပြောပါတယ်။
လက်နက်ကိုင်တွေ ပစ်ခတ်နေချိန်မှာ တိုက်ခိုက်ခံရတဲ့ ခရီးသည်တင် မော်တော်ယာဉ် ၂ စီးဟာ ပက်ရှ်ဝါမြို့နဲ့ ပါရာချီနာမြို့တွေကို အသွားအပြန် ပြေးဆွဲနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပါရာချီနာမြို့မှာတော့ ခရီးသွားရင်း ပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်း စိတ်မကောင်း ဖြစ်နေရတာကြောင့် မြို့တွင်းရှိ ဈေးတွေနဲ့ ဆိုင်ခန်းတွေကိုလည်း ပိတ်ထားကြပြီး နိုဝင်ဘာ ၂၂ ရက်က ပါရာချီနာမြို့ရှိ ဗလီတစ်ခုမှာ ဈာပနဆုတောင်းပွဲ ပြင်ဆင်ပေးဖို့ စုရုံးခဲ့ကြပါတယ်။
သမ္မတ အဆစ်ဖ်အလီ ဇာဒါရီက ခရီးသည်တင်ယာဉ်တွေ တိုက်ခိုက်ခံရမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒီဖြစ်ရပ်အတွက် ဘယ်အဖွဲ့ကမှ တာဝန်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကူရမ် လူမျိုးစုနယ်မြေမှာတော့ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး လက်နက်ကိုင် ရှီယိုက်နဲ့ ဆွန်နီမွတ်စလင်တွေကြား တင်းမာမှုတွေက ဆယ်စုနှစ်တွေချီ တည်ရှိနေခဲ့ပါတယ်။
Source: Reuters