ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီက မြို့ဝင်ဂိတ်၊ မူးယစ်တပ်ခွဲ ၂ တပ်ဆွယ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့မှာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ရဲမှူး အပါအဝင် ရဲ ၆ ယောက်နဲ့ အရပ်သား တယောက် သေဆုံးခဲ့ကာ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ ရွာငံမြို့နယ်မှာ မနေ့ နေ့လယ် တနာရီကစလို့ မြို့အဝင်အဂိတ် ဘီးခွန်ဂိတ်၊ မူးယစ်လှုပ်ရှားမှု တပ်ဆွယ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့ တပြိုင်နက် တိုက်ခိုက်ခံရတာလို့ ဒေသခံတယောက်က ပြောပါတယ်။
"မြို့အဝင်ဂိတ်ကို တိုက်နေတဲ့အချိန် တပ်ဆွယ်ရုံးမှာလည်းအပစ်ခံနေရတယ်။ အဲ့ ၂ နေရာပြီး တော့ မြန်မာ့စီးပွားရေးဘဏ်ကို ဝင်ပစ်တယ်။ ရဲတွေအများဆုံးသေတာ။ သေတဲ့အထဲမှာ အရပ် သားတယောက်ပါတယ်။”
ရွာငံမြို့ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်မှာ မူးယစ်လှုပ်ရှားတပ်ဆွယ်မှ ရဲမှူးအပါအဝင် ၆ ယောက်နဲ့ အရပ်သား တယောက်သေဆုံးတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်ကလည်း DVB ကို အတည်ပြု ပြောပါတယ်။
အုပ်ချုပ်ရေးနဲ့ နီးစပ်သူက "မြို့ဝင်ဂိတ်မှာ ပစ်ခတ်မှုမှာ ရဲမှူး တယောက်၊ အခြားအဆင့် ၃ ယောက်၊ အရပ်သား တယောက်သေတယ်။ တပ်ဆွယ်ရုံးမှာ ရဲတပ်သား တယောက်သေတယ်။ စီးပွားရေးဘဏ်မှာ ရဲတပ်ကြပ်ကြီး တယောက် သေတယ်။ ရဲ ၃ ယောက်ဒဏ်ရာရတယ်။”
စစ်ကောင်စီဘက်က အဆိုပါတိုက်ခိုက်မှုကို PDF အဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ ပြောဆိုထားပြီး လတ်တလောမှာ လုံခြုံရေးအင်အား တိုးမြှင့်ထားပါတယ်။