ချမ်းမြသာစည်မြို့နယ်ထဲမှာရှိတဲ့ မန္တလေးတရုတ်ကောင်စစ်၀န်ရုံး အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခွဲလောက်က တိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တိုက်ခိုက်ခံရမှု အသေးစိတ်ကိုတော့ တရုတ်ကောင်စစ်၀န်ရုံးက မထုတ်ပြန်သေးသလို ဘယ်အဖွဲ့က လာတိုက်ခိုက်တာလဲဆိုတာလည်း အသေးစိတ်မသိရှိရသေးပါဘူး။
လက်ရှိမှာတော့ တရုတ်ကောင်စစ်၀န်ရုံးရှိရာ ၇၃ လမ်းမပေါ်မှာတော့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဆိုပါတယ်။
မြို့ခံတယောက်က “မတ္တရာဘက်ကို စစ်ကားတွေထွက်သွားတာနဲ့ မေမြို့ဘက်က စစ်သားတွေ ဆင်းလာတာကလွဲရင် ဘယ်အဖွဲ့က လုပ်တာလဲဆိုတာ သေချာမသိသေးဘူး” လို့ ပြောပါတယ်။
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကလည်း မန္တလေးမြို့ တရုတ်ကောင်စစ်၀န်ရုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီပေါက်ကွဲမှုဖြစ်စဉ်က သူတို့လုပ်တာမဟုတ်ဘူးလို့ DVB ကို အတည်ပြုပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ တရုတ်ကောင်စစ်၀န်ရုံးဟာ လုံခြုံရေးအမြဲတင်းကျပ်ထားတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ပျူစောထီးတွေ စစ်ဆေးရေးဂိတ်ရှိတဲ့နေရာလို့ ဆိုပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်တွေမှာ တရုတ်နိုင်ငံက နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသားရေးအစွန်းရောက်တွေ နဲ့ ပျူစောထီးတွေဟာ မန္တလေးမြို့မှာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလုပ်ဆောင်ပြီးနောက်ပိုင်း အခုလိုတိုက်ခိုက်မှု ဖြစ်လာခဲ့တာပါ။