Home
မြန်မာသတင်း
မန္တလေး ဂေါဝိန်ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘော ၁ စီး မီးလောင်
DVB
·
October 14, 2024
ship2_14102024
ship5_14102024
ship4_14102024
ship3_14102024
ship1_14102024
ship_14102024

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဂေါဝိန်ဆိပ်ကမ်းမှာ အောက်တိုဘာ ၁၄ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်က ကုန်တင်သင်္ဘောတစီး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

မြို့ခံတယောက်က “ကုန်တင်သင်္ဘောကြီး မီးလောင်တာဗျ။ သင်္ဘောပေါ်မှာ ဂဟေဆော်တာကနေ ဆီပေပါတွေ ကွဲကုန်ပြီး လောင်တာလို့တော့ ပြောနေကြတယ်။ ဆန်အိတ်တွေ၊ ဘိလပ်မြေအိတ်တွေ၊ ဆီပေပါတွေ တင်ထားတယ်လို့တော့ သိရတယ်။ မီးလောင်တဲ့အချိန်က ကြာတယ်ဗျ” လို့ ပြောပါတယ်။

အဆိုပါ သင်္ဘောမီးလောင်ကျွမ်းချိန်ဟာ ၁ နာရီခွဲနီးပါး ကြာမြင့်ပြီး ညနေ ၃ နာရီဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနရဲ့ တာဝန်ကျ မီးသတ်ဝန်ထမ်းတယောက်က “သင်္ဘောမီးလောင်တဲ့နေရာကို Level 1 ယာဥ်အုပ်စု ထွက်ခွာပြီး မီးငြှိမ်းသတ်ခဲ့ပါတယ်။ ပြည်သူတွေနဲ့ တခြားပရဟိတအဖွဲ့တွေကလည်း ကူညီဆောင်ရွက်ပေးကြပါတယ်။ လူထိခိုက်တာတော့ မရှိပါဘူး။ မီးလောင်တဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ စုံစမ်းနေဆဲပါဗျ” လို့ DVB ကို ပြောပါတယ်။

အဆိုပါကုန်တင်သင်္ဘောဟာ ပြည်တွင်းကို ရေကြောင်းကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးနေတဲ့ ပုဂ္ဂလိကပိုင်သင်္ဘော ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက် မနက်အစောပိုင်းကလည်း မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံမှာရှိတဲ့ နှလုံးအထူးကုစင်တာ (အထက်မြန်မာပြည်) မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013